close

ဂန့်ဂေါမြို့နယ်တောင်ပိုင်းတွင် စစ်ရှောင်ပြည်သူ ၁၀၀၀ ကျော် အရေးပေါ်အကူညီလိုအပ်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တောင်ပိုင်းမှာရှိတဲ့ ကျေးရွာ ၄ ရွာက စစ်ဘေးရှောင်ပြည်သူ ၁၀၀၀ ကျော်အတွက် အရေးပေါ်အကူညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေလို့ ဂန့်ဂေါမြို့နယ်တောင်ပိုင်း ပနန်း၊ စပယ်၊ ယင်းမာနဲ့ စင်ပုံကျေးရွာက ဒေသခံပြည်သူ ၁၀၀၀ ကျော်ဟာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူညီတွေ လိုအပ်နေတယ်လို့ စင်ပုံကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ အင်အား ၇၀ လောက်နဲ့  အဆိုပါရွာဘက်တွေကို ဇွန် ၁၉ ရက်နေ့ကတည်းက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာလို့ ရွာမှာရှိတဲ့ ပြည်သူအားလုံး အဝတ်တထည်ကိုယ်တခုနဲ့ အသက်လုပြီး ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရတာပါ။

ဒေသခံရွာသားတဦးက “အဲဒီစစ်(...)တွေဟာ ပြည်သူတွေရဲ့နေအိမ်တွေ၊ တဲတိုက်တွေ၊ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ စားနပ်ရိက္ခာတွေကိုပါ မီးရှို့ဖျက်ဆီးကြသလို နေအိမ်ထဲတွေကို ဖောက်ထွင်းဝင်ရောက်ပြီး အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ခိုးယူသွားကြတယ်” လို့ ပြောပါတယ်။

ကျေးရွာ ၄ ရွာက ပြည်သူ ၁၀၀၀ ကျော်ဟာ နီးစပ်ရာဆွေမျိုးတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ တောထဲတွေမှာ ဖြစ်သလိုနေနေကြရပြီး  အဝတ်အထည်၊ ဆေးဝါး၊ အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်အကူညီလို့အပ်နေလို့ ပြည်တွင်းပြည်ပအလှူရှင်တွေအနေနဲ့ တတ်နိုင်သလောက် လှူဒါန်းပေးကြဖို့ အကူညီတောင်းခံထားပါတယ်။

မကွေးတိုင်းအတွင်းမှာ ပြီးခဲ့တဲ့မေလအတွင်း စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၉၂၄ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ Data For Myanmar  က ထုတ်ပြန်ထားပါတယ်။

//
Up