BGF ဗိုလ်မှူးကြီးစောချစ်သူ စစ်ရှောင်ပြည်သူများနှင့် တွေ့ဆုံပြီး ဆန်ရိက္ခာလှူဒါန်း

ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက်၊ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF အတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူဟာ ဇွန် ၅ ရက် ဒီနေ့မနက် ၁၀ နာရီလောက်က စစ်ရှောင်ပြည်သူနဲ့ ဖလူးကျေးရွာ ဘုရားကျောင်းမှာတွေ့ဆုံခဲ့တယ်လို့ ဒေသခံရွာသားတွေထံက သိရပါတယ်။
တွေ့ဆုံပွဲမှာ BGF ၊ DKBA နဲ့ အမည်မဖေါ်လိုတဲ့ တခြားအဖွဲ့အစည်းတွေလည်း ပါဝင်ပြီး တက်ရောက်လာတဲ့ စစ်ရှောင်ပြည်သူနဲ့ ရွာသားတချို့ကို ဆန်အိတ် ၄၀၀ အိတ်ကျော်နဲ့ တခြားစားသောက်ပစ္စည်းတွေ လှူဒါန်းပေးအပ်သွားတယ်လို့ တက်ရောက်သူ တဦးက ပြောပါတယ်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက် စစ်ကောင်စီ ကျူးကျော်ဝင်ရောက်တိုက်ခိုက်မှုကြောင့် တိုက်ပွဲစတင် ခဲ့ရာ ငြိမ်းချမ်းရေးမြို့သစ်ဖြစ်တဲ့ လေးကေ့ကော်မြို့နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေမှာ စစ်ဘေးရှောင်ရွာသားတွေ ပြန်လည် နေထိုင်နိုင်ဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။