ယူကရိန်းအလယ်ပိုင်းရှိ ဈေးဝယ်စင်တာ ဒုံးကျည်ဖြင့် ပစ်ခံရ၊ ၁၀ ဦး သေဆုံး

ယူကရိန်းနိုင်ငံအလယ်ပိုင်း ခရင်မင်ချော့ခ်မြို့မှာရှိတဲ့ လူစည်ကားတဲ့ ဈေးဝယ်စင်တာတခုကို ဇွန် ၂၇ ရက်က ရုရှားဘက်က ဒုံးကျည်နှစ်စင်းနဲ့ ပစ်ခတ်ခဲ့လို့ အနည်းဆုံး လူ ၁၀ ယောက် သေဆုံးသွားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဒုံးကျည်ကျရောက် ပေါက်ကွဲတဲ့အချိန်မှာ ဈေးဝယ်စင်တာထဲ အနည်းဆုံး လူ ၁၀၀၀ လောက် ရှိနေတယ်လို့ ယူကရိန်းသမ္မတ ဇလန်စကီးက ပြောကြားခဲ့ပြီး လူဘယ်လောက် သေဆုံးသွားသလဲဆိုတာကိုတော့ အတိအကျ မပြောပါဘူး။
ဒုံးကျည်ကျပြီးတဲ့နောက် မီးတောက်မီးလျှံတွေကြားထဲမှာ ကယ်ဆယ်ရေးနဲ့ရှာဖွေရေး လုပ်ခဲ့ရပြီး ဒါဟာ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက် လုပ်ရပ်ဖြစ်တယ်လို့ ဒေသအုပ်ချုပ်ရေးမှူး ဖြစ်တဲ့ ဒမီထရို လူနင်းက ပြောပါတယ်။
ခရင်မင်ချော့ခ်မြို့မှာ လူဦးရေ ၂၁၀,၀၀၀ ကျော်ရှိပြီး ၊ ယူကရိန်းရဲ့ အကြီးဆုံး ရေနံချက်စက်ရုံရှိတဲ့ မြို့ဖြစ်ပါတယ်။
ကုလသမဂ္ဂပြောခွင့်ရသူ စတီဖန်နီ ဒူဂျာရစ်ကတော့ ရုရှားက ယူကရိန်းကို သဲကြီးမဲကြီး တိုက်ခိုက်နေတာကို စိုးရိမ်တဲ့အကြောင်းနဲ့ ဈေးဝယ်စင်တာကို တိုက်ခိုက်တာကို စိတ်ပျက်တဲ့အကြောင်း ပြောပါတယ်။
“ဒါဟာ စိတ်ပျက်စရာကောင်းတယ်။ ဈေးဝယ်စင်တာ အပါအဝင် အရပ်သားတွေနဲ့ဆိုင်တဲ့ ဘယ်အဆောက်အအုံမဆို စစ်ရေးပစ်မှတ် မဖြစ်ထိုက်ပါဘူး။”လို့ ဒူဂျာရစ်က သတင်းထောက်တွေကို ပြောပါတယ်။
အရပ်သားတွေကို ပစ်မှတ်မထားပါဘူးလို့ ပြောလေ့ရှိတဲ့ ရုရှားဘက်က အခု တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ရုရှားဘက်က ဘာမှတ်ချက်မှ မပေးသေးပါဘူး။