တက္ကဆက်တွင် ထရပ်ကားအတွင်းပိတ်မိနေသည့် ရွှေ့ပြောင်းနေထိုင်သူ ၅၁ ဦးထက်မနည်းသေဆုံး

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာ စွန့်ပစ်ထားတဲ့ ထွန်စက်နောက်တွဲ ထရပ်ကားအတွင်း ပိတ်မိနေတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၅၁ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ဆန်အန်တိုနီယိုမြို့စွန်ရှိ ရထားလမ်းဘေး အပူရှိန်ပြင်းတဲ့ ထရပ်ကားပေါ်က အသက်ရှင် ကျန်ရစ်သူ အများစုကလည်း စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေကြပြီး ဝေဒနာအမျိုးမျိုး ခံစားနေကြရလို့ ဆေးရုံ ၆ ရုံမှာ ကုသမှုခံယူနေရတယ်လို့ တက္ကဆက်ပြည်နယ် ဆန်အန်တိုနီယိုမြို့ရှိ မက္ကဆီကိုနိုင်ငံရဲ့ မက္ကဆီကန် ကောင်စစ်ဝန်ချုပ် Ruben Minutti က ဇွန် ၂၈ ရက်မှာ ပြောပါတယ်။
အမျိုးသား ၃၉ ယောက်နဲ့ အမျိုးသမီး ၁၂ ယောက် သေဆုံးခဲ့ရတဲ့ လူမှောင်ခိုမှုဖြစ်စဉ်နဲ့ ဆက်စပ်နေတဲ့ မက္ကဆီကိုနိုင်ငံသား ၂ ယောက်ကို အမေရိကန်ပြည်ထောင်စု တရားရုံးမှာ စွဲချက်တင်လိုက်ပါတယ်။
မက္ကဆီကိုနိုင်ငံသား ဟွမ် ဖရန်စစ္စကိုနဲ့ ဟွမ် ကလောက်ဒီယိုတို့ကို အမေရိကန်မှာ တရားမဝင်နေထိုင်ချိန်အတွင်း လက်နက်ကိုင်ဆောင်မှုနဲ့ စွဲချက်တင်ခံထားရကြောင်း တရားရုံးမှတ်တမ်းတွေအရ သိရပါတယ်။
စုံစမ်းစစ်ဆေးသူတွေဟာ သူတို့စောင့်ကြည့်နေတဲ့ ထရပ်ကားကို မှတ်ပုံတင်ထားတဲ့ ဆန်အန်တိုနီယိုလိပ်စာကို ခြေရာခံပြီး သူတို့ ၂ ယောက်ကို နေအိမ်က ထွက်ခွာချိန်မှာ သီးခြားစီ ဖမ်းမိခဲ့ပါတယ်။
ထရပ်ကားကို မောင်းနှင်လာတဲ့ အမေရိကန်နိုင်ငံသားအဖြစ် ဖော်ပြတဲ့ တတိယမြောက် သံသယရှိသူကို ဖမ်းဆီးပြီး တရားစွဲဆိုဖို့ မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ သူဟာ ဇွန် ၂၈ ရက်ညက ဆေးရုံမှာ ဆက်ရှိနေခဲ့တယ်လို့ မက္ကဆီကို တာဝန်ရှိသူတဦးက ပြောပါတယ်။
ထရပ်ကားပေါ်ကနေ ထွက်ပြေးလွတ်မြောက်လာသူတဦးက အကူအညီတောင်းလိုက်တဲ့ လမ်းသွားလမ်းလာတဦးရဲ့ အရေးပေါ်ဖုန်းခေါ်ဆိုမှုကနေတဆင့် ထရပ်ကားကို အာဏာပိုင်တွေ အကြောင်းကြားခဲ့တာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
သေဆုံးသူတွေထဲမှာ မက္ကဆီကိုနိုင်ငံသား အနည်းဆုံး ၂၇ ယောက်၊ ဂွါတီမာလန် ၃ ယောက်နဲ့ ဟွန်ဒူးရပ်စ် ၄ ယောက်တို့ ပါဝင်ကြောင်း ၃ နိုင်ငံလုံးမှ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
အသက်မပြည့်သေးသူ ၄ ယောက် အပါအဝင် အပူဒဏ်နဲ့ ပင်ပန်းနွမ်းနယ်မှုကြောင့် အသက်ရှင်ကျန်ရစ်သူ တဒါဇင်ကျော်ကို ဆေးရုံပို့ဆောင်ခဲ့ပါတယ်။
အဲဒီထရပ်ကားဟာ ရွှေ့ပြောင်းနေထိုင်သူ ၁၀၀ လောက်ကို တင်ဆောင်လာဖွယ်ရှိပေမဲ့ အရေအတွက် အတိအကျ မသိရသေးပါဘူး။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဒီအဖြစ်အပျက်ဟာ ကြောက်မက်ဖွယ်ကောင်းပြီး ကြေကွဲဖွယ်ကောင်းတယ်လို့ ပြောပါတယ်။