close

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို ယူကရိန်းကိုသွားရောက်၊ ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် ဆွေးနွေးရန် ရုရှားကို တိုက်တွန်း

ယူကရိန်းနိုင်ငံမှာ ရောက်နေတဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုဟာ ယူကရိန်း သမ္မတ ဇလန်းစကီးနဲ့ တွေ့ဆုံခဲ့ပြီးနောက် ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်ကို ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ တိုက်တွန်းတဲ့ စကားပြောကြားလိုက်ပါတယ်။

အောင်မြင်ဖို့ ခက်ခဲတယ်ဆိုတာကို သိပေမယ့် ငြိမ်းချမ်းတဲ့နည်းနဲ့ ဆွေးနွေးအဖြေရှာဖို့ အရေးကြီးတဲ့အကြောင်းကို ပြောချင်တဲ့အကြောင်းနဲ့ မကြာခင်မှာ တွေ့ဖို့ ရှိတဲ့ ရုရှားသမ္မတ ပူတင် ဆီကို သူပြောချင်တဲ့သတင်းစကားကို သယ်ဆောင်ပေးသွားမှာဖြစ်ကြောင်း  အင်ဒိုနီးရှားသမ္မတက ပြောပါတယ်။ 

အင်ဒိုနီးရှားဟာ ယူကရိန်းအတွက် ဆေးဝါးနဲ့ အခြေခံ အဆောက်အအုံပိုင်းဆိုင်ရာ အကူအညီတွေ ပေးထားတယ်လို့လည်း ပြောပါတယ်။

ဂျိုကိုဝီလို့ ခေါ်ကြတဲ့ အင်ဒိုနီးရှားသမ္မတဟာ ပိုလန်နိုင်ငံကနေ ယူကရိန်းကို ဇွန် ၂၉ ရက် မနက်က ရထားနဲ့ သွားရောက်ပြီး နိုဝင်ဘာလကျရင် အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် ဂျီ ၂၀ အစည်းအဝေးကို တက်ရောက်ဖို့ သွားရောက်ဖိတ်ကြားတာ ဖြစ်ပါတယ်။

ရုရှားက ယူကရိန်းကို မကျူးကျော်ခင်အထိ ယူကရိန်းဟာ အင်ဒိုနီးရှားအတွက် ဂျုံအများဆုံး တင်ပို့တဲ့ နိုင်ငံဖြစ်ခဲ့ပြီး၊ အခုတော့ ရုရှားက ပင်လယ်နက် ဆိပ်ကမ်းတွေကို ပိတ်ထားတဲ့အတွက်ကြောင့် တကမ္ဘာလုံး စားနပ်ရိက္ခာ အကျပ်အတည်းဆိုက်မှာကို စိုးရိမ်နေရပါတယ်။

အင်ဒိုနီးရှားသမ္မတဟာ ယူကရိန်းကို သွားပြီးတဲ့နောက် မော်စကိုလည်းသွားရောက်ကာ  ရုရှားသမ္မတ ပူတင်နဲ့တွေ့ဆုံဖို့ ရှိပါတယ်။

ရုရှားဘက်က ယူကရိန်းမှာ တိုက်ခိုက်နေတာကို အပစ်ရပ်ဖို့ တိုက်တွန်းမယ်လို့ သမ္မတ ဂျိုကိုဝီက ပြောပါတယ်။ လောလောဆယ်မှာတော့ ယူကရိန်းနဲ့ ရုရှားတို့ကြား ငြိမ်းချမ်းရေးဆွေးနွေးတာတွေ ရှေ့မတက်နိုင်ဘဲ အပြန်အလှန် အပြစ်တင်နေကြပါတယ်။ 

//
Up