အင်တာဆီပြန်လာခဲ့သည့် လူကာကူဆုံးဖြတ်ချက်ကို တိုက်စစ်မှူးဟောင်း ခရတ်စ်ပို ထောက်ခံ

အင်တာမီလန်အသင်းဆီကို ပြန်လည်ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူး လူကာကူရဲ့ ဆုံးဖြတ်ချက်ကို ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ခရတ်စ်ပိုက ထောက်ခံအားပေးခဲ့ပါတယ်။
ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နှစ်က အင်တာမီလန်ကနေ ချဲလ်ဆီးအသင်းဆီကို ပေါင် ၉၈ သန်းလောက်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။
ဒါပေမဲ့လည်း ပြီးခဲ့တဲ့နှစ်က တရာသီကစားခဲ့အပြီးမှာ အဆင်မပြေမှုတွေ ရှိလာခဲ့တာကြောင့် အင်တာမီလန်အသင်းဆီကို တရာသီအငှားစာချုပ်နဲ့ ပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။
လူကာကူဟာ အင်တာမီလန်မှာဆိုရင် ဘုရင်တပါးလို ခံစားရတာကြောင့်ဖြစ်ပြီး ချဲလ်ဆီးမှာတော့ အဲဒီလိုမဟုတ်ကြောင်း ခရတ်စ်ပိုက ပြောပါတယ်။
“လူကာကူဟာ အင်တာမှာ ဘုရင်တပါးလို ခံစားရပေမဲ့ ချဲလ်ဆီးမှာတော့ အဲဒီလိုမဟုတ်ခဲ့ဘူး။ ဒါမျိုးက အချစ်နဲ့ နှလုံးသားကိစ္စတခုလိုပါပဲ။ နှလုံးသားဆီ ရောက်လာတဲ့အခါ အရာအားလုံးနီးပါးက ကောင်းမွန်စွာနဲ့ ပြီးဆုံးစေပါတယ်။ ကျနော် ကစားသမားဘဝတုန်းကလည်း အီတလီကိုပြန်လာဖို့ ဆုံးဖြတ်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အီတလီလိဂ်က ပရီးမီးယားလိဂ်ထက် ပိုပြီး သက်တောင့်သက်သာ ဖြစ်စေတာကြောင့်ပါပဲ” လို့ ခရတ်စ်ပိုက ပြောပါတယ်။
ချဲလ်ဆီးတိုက်စစ်မှူး လူကာကူကို တရာသီအငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အင်တာမီလန်အသင်းက အတည်ပြု ကြေညာထားပါတယ်။
အင်တာအသင်းဟာ လူကာကူအတွက် တရာသီအငှားစာချုပ်ကြေးအဖြစ် ပေါင် ၆ ဒသမ ၉ သန်း ချဲလ်ဆီးကို ပေးချေရမှာဖြစ်ပါတယ်။
လူကာကူအနေနဲ့ လစာငွေ ပေါင် ၁၀ သန်းရဲ့ ၃၀ ရာခိုင်နှုန်းဖြစ်တဲ့ ပေါင် ၇ သန်း လျှော့ချယူမှာဖြစ်ပြီး ဒီလစာငွေအားလုံးကိုလည်း အင်တာအသင်းကပဲ ပေးချေရမယ်လို့ သိရပါတယ်။