သီရိလင်္ကာတွင် ဆရာဝန်နှင့် ဆေးဝန်ထမ်းများ အပါအဝင် ဌာနပေါင်းစုံဝန်ထမ်းများ ဆန္ဒပြ

သီရိလင်္ကာနိုင်ငံမှာ ဆရာဝန်တွေနဲ့ ဆေးဝန်ထမ်းတွေ၊ ဌာနပေါင်းစုံ ဝန်ထမ်းတွေဟာ ဇွန် ၂၉ ရက်က ကိုလံဘိုမြို့မှာ စုဝေးပြီး လောင်စာဆီ ပြတ်လပ်နေတာကို အစိုးရအနေနဲ့ ဖြေရှင်းပေးဖို့ တောင်းဆို ဆန္ဒပြကြပါတယ်။
လောင်စာဆီ တပတ်လောက်စာပဲ လက်ကျန်ရှိနေတော့ အစိုးရဟာ ဇွန် ၂၈ ရက်က မဖြစ်မနေ လိုအပ်တဲ့ ကဏ္ဍတွေကိုတောင် လောင်စာဆီ အပြည့်အဝ မပေးနိုင်တော့ဘဲ လျှော့ချခဲ့ပါတယ်။
နှစ်ပတ်ကြာအောင် လောင်စာဆီ ဖြတ်တောက်ခံရတဲ့အထဲမှာ ရထား၊ ဘတ်စ်ကား၊ ကျန်းမာရေးကဏ္ဍတို့လည်း ပါဝင်ပါတယ်။ ဆန္ဒပြပွဲမှာပါဝင်တဲ့ ဆရာဝန်၊ သူနာပြုတွေနဲ့ ဆေးဝန်ထမ်းတွေက ဆေးရုံဆေးခန်းတွေ လည်ပတ်ဖို့ အခက်အခဲရှိနေတယ်လို့ ပြောပါတယ်။
ကျောင်းဆရာဆရာမများသမဂ္ဂ ခေါင်းဆောင် ဂျိုးဇက် စတာလင်က “သမ္မတနဲ့ ဝန်ကြီးချုပ်က လုပ်နိုင်တာဆိုလို့ တနိုင်ငံလုံးကို ပိတ်ချလိုက်တာပဲရှိတယ်။ အခုဆိုရင် ကျောင်းတွေလည်း ပိတ်သွားပြီ။ အစိုးရဌာနတွေရော အားလုံးပိတ်သွားပြီ။ လောင်စာဆီလည်း ဖြတ်တောက်လိုက်တာကြောင့် လူတွေက ဒုက္ခရောက်ကုန်ကြပြီ” လို့ ပြောပါတယ်။
လူဦးရေ ၂၂ သန်းရှိတဲ့ သီရိလင်္ကာနိုင်ငံမှာ နိုင်ငံခြားငွေ ပြတ်လပ်သွားတာကြောင့် နိုင်ငံခြားကနေ တင်သွားရတဲ့ ကုန်ပစ္စည်းတွေ အားလုံးကို မသွင်းနိုင်တော့ဘဲ ရိက္ခာ၊ ဆေးဝါး၊ ဓာတ်ဆီ၊ ဒီဇယ်ဆီကအစ ပြတ်တောက်နေပါတယ်။