close

ယူကရိန်း‌ ဈေးဝယ်စင်တာကို ရုရှားတိုက်ခိုက်မှု ပုပ်ရဟန်းမင်းကြီး ရှုတ်ချ

ယူကရိန်းနိုင်ငံအလယ်ပိုင်း ခရင်မင်ချော့ခ်မြို့က လူစည်ကားတဲ့ ဈေးဝယ်စင်တာကို ရုရှားက အမြောက်နဲ့ ပစ်ခဲ့တာဟာ “ရိုင်းစိုင်းတဲ့ တိုက်ခိုက်မှု” လို့ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်က ဇွန် ၂၈ ရက်က မိန့်ကြားပါတယ်။

“နေ့စဉ်နေ့တိုင်းမှာ ကိုယ်တော့်စိတ်က ချစ်လှစွာသော ယူကရိန်းနဲ့အတူ၊ အာဇာနည်တွေနဲ့အတူ ရှိနေပါတယ်။ ခရင်မင်ချော့ခ်မြို့မှာ ဈေးဝယ်စင်တာကို တိုက်ခိုက်လိုက်တာမျိုး အရိုင်းအစိုင်းဆန်တဲ့ တိုက်ခိုက်မှုတွေနဲ့ ကြုံနေရတဲ့ ယူကရိန်းနဲ့အတူ ရှိနေပါတယ်။ ဒီ ရူးသွပ်တဲ့စစ်ပွဲ မြန်မြန်ပြီးသွားဖို့ ဆုတောင်းပါတယ်” လို့ မိန့်ကြားသွားတာပါ။

ဇွန် ၂၇ ရက်က ရုရှားဘက်က မစ်ဇိုင်းဒုံးကျည်နှစ်စင်းနဲ့ ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၁၈ ယောက် သေဆုံးပြီး ၆၀ လောက် ဒဏ်ရာရသွားတယ်လို့ ယူကရိန်းအစိုးရက ပြောပါတယ်။

ဒုံးကျည်ကျရောက်ပေါက်ကွဲတဲ့အချိန်မှာ ဈေးဝယ်စင်တာထဲ အနည်းဆုံး လူ ၁,၀၀၀ လောက် ရှိနေတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။

ခရင်မင်ချော့ခ်မြို့မှာ လူဦးရေ နှစ်သိန်းတသောင်းကျော်ရှိပြီး ယူကရိန်းရဲ့ အကြီးဆုံး ရေနံချက်စက်ရုံရှိတဲ့မြို့ ဖြစ်ပါတယ်။

ရုရှားဘက်ကတော့ စစ်ရေးပစ်မှတ်တွေအား တိုက်ခိုက်တာဖြစ်ပြီး ဈေးဝယ်စင်တာကို တိုက်ခိုက်တာမျိုး မရှိဘူးလို့ ငြင်းထားပါတယ်။

//
Up