ဖင်လန်နှင့်ဆွီဒင်သို့ နေတိုးအဖွဲ့ စစ်တပ်ပို့ဆောင်လျှင် တုံ့ပြန်သွားမည်ဟု ရုရှားသမ္မတပြော

နေတိုးစစ်မဟာမိတ်အဖွဲ့က ဖင်လန်နဲ့ ဆွီဒင်ဆီ စစ်တပ်တွေပို့တာ၊ စစ်ရေးနဲ့ဆိုင်တဲ့ အခြေခံတွေ တည်ဆောက်တာတွေ လုပ်လာရင် ရုရှားဘက်ကလည်း တုံ့ပြန်သွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဇွန် ၂၉ ရက်မှာ ပြောပါတယ်။
ဆွီဒင်၊ ဖင်လန်တို့နဲ့ ပတ်သက်လာရင် ယူကရိန်းမှာလိုမျိုး ပြဿနာမရှိကြောင်း၊ နေတိုးအဖွဲ့ထဲ ဝင်ချင်ရင် ဝင်နိုင်ပေမဲ့ အရင်က ဘာမှ ခြိမ်းခြောက်မှု မရှိခဲ့တာကို ဒီနိုင်ငံတွေ နားလည်ရမှာဖြစ်ကြောင်း၊ တကယ်လို့ စစ်ရေးအတွက် ပြင်ဆင်တာမျိုး လုပ်လာရင်တော့ မိမိတို့ဘက်ကလည်း တူညီတဲ့ပုံစံနဲ့ တုံ့ပြန်ရမှာဖြစ်ကြောင်း ပူတင်က ဆိုဗီယက်ခေတ်က ပြည်နယ်ဖြစ်ခဲ့တဲ့ တက်ခ်မင်နစ္စတန်က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံအပြီးမှာ ပြောပါတယ်။
ဆွီဒင်နဲ့ ပိုလန်တို့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေ ဖြစ်လာရင် ရုရှားနဲ့ ဆက်ဆံရေးမှာ မလွဲမသွေ ထိခိုက်လာနိုင်တယ်လို့လည်း ဆိုပါတယ်။
နေတိုးအဖွဲ့ဝင်ဖြစ်တဲ့ တူရကီက ဖင်လန်နဲ့ ဆွီဒင်တို့ နေတိုးအဖွဲ့ဝင်အဖြစ် လျှောက်ထားတာကို ဗီတိုနဲ့ ကန့်ကွက်နေတာကို ပြန်ရုပ်သိမ်းလိုက်ပြီး နောက်တရက်မှာ ပူတင်က အခုလို မှတ်ချက်ပေး ပြောကြားလိုက်တာပါ။
တူရကီက ဗီတိုရုပ်သိမ်းလိုက်တာကြောင့် ဖင်လန်နဲ့ ဆွီဒင်ဟာ နေတိုးအဖွဲ့ဝင် ဖြစ်ရေးအတွက် လျှောက်ထားတာ ရှေ့တိုးသွားမှာဖြစ်ပြီး ဥရောပရဲ့ လုံခြုံရေးမှာလည်း ကြီးကြီးမားမား အပြောင်းအလဲ ဖြစ်လာလိမ့်မယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။