ဥရောပတခွင်တွင် အမေရိကန်တပ်ဖွဲ့များ တိုးချဲ့သွားမည်ဟု သမ္မတဘိုင်ဒင်ပြော

ရုရှားရဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ပိုလန်မှာ အမြဲတမ်း စစ်တပ်ဌာနချုပ်အသစ် အပါအဝင် ဥရောပတခွင်မှာ အမေရိကန်က သူ့ရဲ့ တပ်ဖွဲ့ဝင်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေကို တိုးချဲ့သွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဇွန် ၂၉ ရက်မှာ ပြောလိုက်ပါတယ်။
စပိန်မြို့တော် မက်ဒရစ်မှာ ကျင်းပတဲ့ နေတိုးထိပ်သီးအစည်းအဝေးမှာ ဘိုင်ဒင်က သူ့နယ်မြေရဲ့ တလက်မတိုင်းကို ကာကွယ်ဖို့ နေတိုး စစ်ရေးမဟာမိတ်အဖွဲ့ရဲ့ ကတိကဝတ်ကို အလေးပေး ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က “လူတယောက်ကို တိုက်ခိုက်တာဟာ အားလုံးကို တိုက်ခိုက်တာပဲလို့ ကျနော်တို့ ပြောတဲ့အခါ အတည်ယူတယ်၊ မဟာမိတ်ဖွဲ့ဖို့ အရင်က ကြားနေနိုင်ငံဖြစ်တဲ့ ဖင်လန်နဲ့ ဆွီဒင်တို့ရဲ့ ခြေလှမ်းတွေဟာ နေတိုးကို ပိုအားကောင်းစေပြီး အဖွဲ့ဝင်အားလုံးကို ပိုလုံခြုံစေလိမ့်မယ်” လို့ ပြောပါတယ်။
စပိန်နိုင်ငံက ရိုတာ ရေတပ်အခြေစိုက်စခန်းမှာ အခြေစိုက်တဲ့ အမေရိကန်ဖျက်သင်္ဘော အရေအတွက်ကို လေးစီးမှ ခြောက်စီးအထိ တိုးမြှင့်ရာမှာ အမေရိကန်ဟာ စပိန်နဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ ဘိုင်ဒင်က ပြောပါတယ်။ နောက်ထပ် F-35 တပ်ခွဲနှစ်ခုကို ဗြိတိန်ကို စေလွှတ်ဖို့လည်း ရှိနေပါတယ်။
ပိုလန်၊ ရိုမေးနီးယား၊ ဘောလ်တစ်နိုင်ငံတွေနဲ့ ဥရောပတဝန်းက တခြား အခြေစိုက်စခန်းတွေ၊ လေကြောင်းရန်ကာကွယ်ရေးနဲ့ တခြားလက်နက်တွေ အပါအဝင် အမေရိကန်စစ်တပ်ရဲ့ အရေအတွက်ကို ဆက်တိုးစေမယ့် အပြောင်းအလဲတွေကိုလည်း ဘိုင်ဒင်က ထင်ရှားအောင် ပြောခဲ့ပါတယ်။
အခုလို တိုးတက်မှုတွေဟာ အမေရိကန်ခေါင်းဆောင်ရဲ့ “အဆုံးအဖြတ်ခေါင်းဆောင်မှု” ကို ပြလိုက်တာလို့ နေတိုးအတွင်းရေးမှူးချုပ် ယန်း စတော့တန်ဘာ့ဂ်က ပြောပါတယ်။
“နေတိုးအဖွဲ့ဟာ နယ်ပယ်အသီးသီးက ကဏ္ဍပေါင်းစုံက ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေတာ သေချာစေရမယ်။ နေတိုးဟာ အရင်ကထက် ပိုလိုအပ်နေပြီဆိုတာကို ကျနော်တို့က သက်သေပြနေပါတယ်” လို့လည်း ဘိုင်ဒင်က ပြောခဲ့ပါတယ်။