တောင်အာဖရိကတွင် တရက် ၆ နာရီခန့် ဓာတ်အားပြတ်တောက်နေ

တောင်အာဖရိကနိုင်ငံသား အများစုအတွက် တနေ့ကို အနည်းဆုံး ခြောက်နာရီ ဓာတ်အားဖြတ်တောက်မှုဖြစ်တဲ့ Stage 6 လို့ခေါ်တဲ့ ပြတ်တောက်မှုတွေကို ပြည်နယ်လျှပ်စစ်ကုမ္ပဏီ Eskom က ၂၀၂၂ ခုနှစ် ဇွန် ၂၈ ရက်မှာ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။
အခုနောက်ဆုံး လျှပ်စစ်မီး ပြတ်တောက်မှုတွေဟာ ပြီးခဲ့တဲ့သီတင်းပတ်က စတင်ခဲ့တဲ့ အလုပ်သမားသမဂ္ဂတွေနဲ့ လုပ်ခလစာ အငြင်းပွားမှု ဆက်စပ်ပြီးတော့ ဥပဒေမဲ့ သပိတ်မှောက်မှုတခုကြောင့်လို့ အပြစ်တင်ထားပါတယ်။
ဇွန် ၂၉ ရက်ကတော့ ပြုပြင်ထိန်းသိမ်းမှု မပြီးသေးတာတွေကို ရှင်းလင်းဖို့ ရက်သတ္တပတ်များစွာ ကြာနိုင်ပြီး ဓာတ်အားစနစ်ကို အချိန်အတော်ကြာ ကန့်သတ်ထားဖွယ်ရှိကြောင်း သတိပေးထားပါတယ်။
Eskom ကတော့ ဇွန် ၂၈ ရက်ကလာတဲ့ အလုပ်သမားတွေ များပေမဲ့ ဇွန် ၂၉ ရက်မှာတော့ အလုပ်ပျက်မှု မြင့်မားနေဆဲဖြစ်ကြောင်း၊ ဇူလိုင် ၁ ရက်နေ့မှာတော့ Eskom နဲ့ သမဂ္ဂတွေဟာ လစာကမ်းလှမ်းမှုအသစ်ကို ဆွေးနွေးကြမှာဖြစ်ကြောင်း ပြောပါတယ်။
ဆယ်နှစ်ကျော်ကြာ မီးခဏခဏဖြတ်နေတဲ့ Eskom ဟာ အာဖရိကရဲ့ စက်မှုလုပ်ငန်း အထွန်းကားဆုံးနိုင်ငံရှိ စီးပွားရေးတိုးတက်မှုအတွက် အဓိက အတားအဆီးတခုလည်း ဖြစ်ပါတယ်။
တောင်အာဖရိကနိုင်ငံမှာ အခု ၂ နှစ်အတွင်း အဆိုးရွားဆုံး ဓာတ်အားပြတ်တောက်မှုကြောင့် အသေးစား စီးပွားရေးလုပ်ငန်းတွေ ပိုမိုဆိုးရွားလာနေပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ ရိုက်ခတ်မှုနဲ့ ၅ နှစ်တာကာလအတွင်း ငွေကြေးဖောင်းပွမှု အထွတ်အထိပ်ကို ရောက်ရှိတဲ့ဒဏ်ကိုလည်း ခံစားနေရဆဲ ဖြစ်ပါတယ်။
ဂျိုဟန်နက်စ်ဘာ့ဂ်မြို့တော်ရဲ့ ဆိုဝီတိုမြို့နယ်ရှိ လုပ်ငန်းပိုင်ရှင်တွေကတော့ သူတို့ဟာ အခုသက်ရောက်မှုကို ချက်ချင်းခံစားနေကြရပြီလို့ ဆိုပါတယ်။
သူတို့ ဘာရောင်းရောင်း သုံးပုံတပုံပဲ ရတော့တာကြောင့် လျှပ်စစ်မီးသာ ဆက်ပြီးပြတ်နေရင်တော့ ဝန်ထမ်းတွေကို ရပ်စဲဖို့နဲ့ အခြေခံဝန်ဆောင်မှုတွေကိုတောင် မပေးနိုင်လို့ အလုပ်ချိန်ကို လျှော့ချရတော့မယ်လို့ ဆိုပါတယ်။