ကရာချိတက္ကသိုလ်တွင် တရုတ်ဝန်ထမ်းများကိုတိုက်ခိုက်မှုဖြင့် သံသယရှိသူအား ပါကစ္စတန် ဖမ်းဆီး

ပါကစ္စတန်တောင်ပိုင်း ဆင်းဒ်ပြည်နယ်ရှိ ကရာချိတက္ကသိုလ်မှာ တရုတ်ဝန်ထမ်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ ဧပြီ ၂၆ ရက် အသေခံဗုံးခွဲမှုရဲ့ ကြံစည်ဖန်တီးသူလို့ သံသယရှိသူကို အကြမ်းဖက်မှု နှိမ်နင်းရေးဌာနက ဖမ်းဆီးလိုက်ကြောင်း ပါကစ္စတန် တာဝန်ရှိသူတွေက ဇူလိုင် ၅ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
သံသယရှိသူဟာ ပါကစ္စတန် ခွဲထွက်ရေး အဖွဲ့ဖြစ်တဲ့ ဘလုချစ္စတန် လွတ်မြောက်ရေးတပ်ဦးနဲ့ ဘလုချစ္စတန် လွတ်မြောက်ရေးအဖွဲ့ချုပ် ကရာချိတို့ရဲ့ တပ်မှူးတယောက်ဖြစ်ကြောင်း ဆင်းဒ်ပြည်နယ် ပြန်ကြားရေးဝန်ကြီး ရှာဂျီးလ် အီနမ် မီမွန်ရဲ့ ပြောကြားချက်အရ သိရပါတယ်။
အဲဒီအမျိုးသားဟာ ပြီးခဲ့တဲ့နှစ်ကတည်းက အမျိုးသမီးတွေနဲ့ ကျောင်းသူတချို့ကို ဦးနှောက်ဆေးပြီး အသေခံဗုံးခွဲမှုနဲ့ ပတ်သက်လို့ ပြောဆိုဆွေးနွေးဖို့ ကြိုးစားခဲ့ကြောင်း တာဝန်ရှိသူက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဒီအကြမ်းဖက်တိုက်ခိုက်မှုဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ပရောဂျက်ဖြစ်တဲ့ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံကို ပျက်ပြားစေဖို့နဲ့ ပါကစ္စတန်မှာ နိုင်ငံခြားသားတွေ လာရောက်ရင်းနှီးမြှုပ်နှံတာကနေ ရပ်တန့်ဖို့ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
ပါကစ္စတန် လုံခြုံရေးအေဂျင်စီတွေက လူတွေကို ဘေးကင်းစေရေး အတတ်နိုင်ဆုံး လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
အသေခံဗုံးခွဲမှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး တိုက်ခိုက်မှုနောက်ကွယ်မှာ နိုင်ငံခြားတပ်ဖွဲ့တွေ ရှိနေတယ်လို့ သံသယဖြစ်ကြောင်းလည်း ရှာဂျီးလ် အီနမ် မီမွန်က ပြောပါတယ်။
ဧပြီ ၂၆ ရက်က ကရာချိတက္ကသိုလ်ရှိ ကွန်ဖြူးရှပ် အင်စတီကျုမှာ ဗင်ကားတစီးကို အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် တရုတ်ဆရာသုံးယောက် သေဆုံးကာ တယောက် ဒဏ်ရာရရှိခဲ့ပြီး ပါကစ္စတန်နိုင်ငံသား အများအပြားလည်း ထိခိုက်ခဲ့ရပါတယ်။