ဖင်လန်နှင့် ဆွီဒင်ကို နေတိုးအဖွဲ့ထဲ ဝင်ခွင့်ပြု

နေတိုး စစ်ရေးမဟာမိတ်အဖွဲ့ဝင် နိုင်ငံ ၃၀ ဟာ ဇူလိုင် ၅ ရက်က သူတို့လွှတ်တော်တွေက ဆုံးဖြတ်ချက်ကို အတည်ပြုပြီးတာနဲ့ တပြိုင်နက် ဖင်လန်နဲ့ ဆွီဒင်တို့ကို နျူကလီးယားလက်နက်ပိုင်ရှင် မဟာမိတ်အဖွဲ့ထဲ ဝင်ခွင့်ပြုခဲ့ပါတယ်။
ဒါဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေနောက်ပိုင်း အထူးခြားဆုံး အဖွဲ့ဝင်အင်အား တိုးချဲ့မှု ဖြစ်လာပါတယ်။
နေတိုးဌာနချုပ်မှာလုပ်တဲ့ လက်မှတ်ရေးထိုးမှုကို သတင်းဓာတ်ပုံရုပ်သံ ရိုက်ကူးခွင့် မရပါဘူး။
ပြီးခဲ့တဲ့သီတင်းပတ်က အကြမ်းဖက်ဝါဒကို တိုက်ဖျက်ဖို့ ဆွီဒင်နဲ့ ဖင်လန် နှစ်နိုင်ငံစလုံးက ပိုလုပ်မယ်လို့ တူရကီအစိုးရကို အာမခံထားပြီးနောက် စပိန်မြို့တော် မဒရစ်မှာ ကျင်းပတဲ့ နေတိုး ထိပ်သီးအစည်းအဝေးမှာ တူရကီနဲ့ သဘောတူညီချက် ရခဲ့ကြပါတယ်။ အဲဒီနောက် တူရကီအစိုးရက သူ့ရဲ့ ဗီတိုအာဏာကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။
“ဒါက တကယ့်ကို သမိုင်းဝင် အခိုက်အတန့်ပါပဲ” လို့ နေတိုးအတွင်းရေးမှူးချုပ် ယန်း စတော့တန်ဘာ့ဂ်က နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့အတူ ပြောခဲ့ပါတယ်။
သဘောတူညီချက် မူကြမ်းထဲမှာ ဖင်လန်နဲ့ ဆွီဒင်တို့ဟာ နေတိုးအစည်းအဝေးတွေ ပါဝင်တက်ရောက်နိုင်ပြီး ထောက်လှမ်းရေး သတင်းအချက်အလက်တွေ ပိုရယူနိုင်ပါတယ်။ ဒါပေမဲ့ မူကြမ်းကို အသက်မသွင်းရသေးခင်ကြား တနှစ်လောက်ကြာနိုင်တဲ့ အချိန်အတွင်း မဟာမိတ်တနိုင်ငံ တိုက်ခိုက်ခံရရင် မဟာမိတ်အားလုံးကို တိုက်ခိုက်မှုဆိုတဲ့ ကာကွယ်ရေး သဘောတူညီချက်ရဲ့ အကာအကွယ်ကိုတော့ မရနိုင်သေးပါဘူး။
ရုရှားအစိုးရဟာ ဆွီဒင်နဲ့ ဖင်လန်တို့ကို နေတိုးအဖွဲ့ထဲ မဝင်ဖို့ အကြိမ်ကြိမ် သတိပေးခဲ့တာပါ။ တကယ်လို့ အဖွဲ့ဝင်ဖြစ်လာခဲ့ရင် “ပြင်းထန်တဲ့ စစ်ရေးနဲ့ နိုင်ငံရေးဆိုင်ရာ အကျိုးဆက်တွေ ရှိလာမယ်” လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၁၂ ရက်မှာ ပြောခဲ့ပါတယ်။
နေတိုးရဲ့ အထောက်အပံ့ကို နော်ဒစ်နိုင်ငံ နှစ်နိုင်ငံ ရနိုင်ဖို့ သဘောတူညီချက် မူကြမ်းကို အမြန် အတည်ပြုဖို့နဲ့ အာမခံဖို့ မဟာမိတ်တွေကို စတော့တန်ဘာ့ဂ်က တိုက်တွန်းခဲ့ပါတယ်။
လက်မှတ်ထိုးထားတဲ့ စာချွန်လွှာအရ တူရကီအစိုးရက အကြမ်းဖက်အဖွဲ့အစည်းတွေလို့ ကင်ပွန်းတပ်ထားတဲ့ ကာ့ဒ်စစ်သွေးကြွ PKK နဲ့ YPG အဖွဲ့တွေ ဒါမှမဟုတ် အမေရိကန်အခြေစိုက် ဘာသာရေးဆရာ ဖာသူလာ ဂူလန်ရဲ့ ကွန်ရက်ကို ဖင်လန်နဲ့ ဆွီဒင်တို့က ထောက်ပံ့မှာမဟုတ်ဘူးလို့ ကတိပြုထားပါတယ်။