close

အိန္ဒိယနိုင်ငံ၊ ကက်ရှ်မီးယားတွင် ရေကြီးပြီး လူ ၁၃ ဦး သေဆုံ

အိန္ဒိယနိုင်ငံ၊ ကက်ရှ်မီးယားဒေသမှာ ရေကြီးလို့ ဟိမဝန္တာ အမာနာ့သ်ဟိန္ဒူ သျှီဝနတ်ကွန်းဂူအနီးမှာ လူ ၁၃ ယောက် သေဆုံးပြီး အနည်းဆုံး အယောက် ၃၀ ကျော် ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူ တစ်ဦးက ဇူလိုင် ၈ ရက်မှာ ပြောပါတယ်။ 

လူသေအလောင်း ရှစ်လောင်းကို ကယ်ဆယ်ရေးလုပ်ငန်းမှ ဆယ်ယူခဲ့ကြောင်း ကက်ရှ်မီးယား ရဲတပ်ဖွဲ့အကြီးအကဲ ဗီဂျေးကူးမားက ပြောပါတယ်။ 

နောက်ထပ်ရုပ်အလောင်း ငါးလောင်းကို ရှာတွေ့ရရှိထားတာကြောင့် သေဆုံးသူဦးရေမှာ ၁၃ ယောက်အထိပိုများလာကြောင်းနဲ့  ကယ်ဆယ်ရေးသမားတွေဟာ အပျက်အစီးတွေထဲက ရုပ် အလောင်းတွေကို ဆွဲထုတ်ရယူခဲ့ကြောင်း တခြားအရာရှိတယောက်က ပြောပြပါတယ်။

ဘုရားဖူးတွေ စခန်းချနေရာတွေအနီးမှာ ရေကြီးရေလျှံမှုပြီး အိန္ဒိယစစ်မှုထမ်းတွေက အခင်းဖြစ်တဲ့နေရာမှ လူတွေကို ထမ်းစင်တွေနဲ့ သယ်ဆောင်သွားခဲ့ပါတယ်။

ဝန်ကြီးချုပ် နာရင်ဒြာမိုဒီက သေဆုံးသွားသူတွေအတွက် မချိတင်ကဲ ခံစားရကြောင်းနဲ့ ကျန်ရစ်သူမိသားစုတွေနဲ့ထပ်တူ ကြေကွဲဝမ်းနည်းရကြောင်း တွစ်တာမှာ ရေးသားခဲ့ပါတယ်။ 

ကယ်ဆယ်ရေးနဲ့ ကူညီထောက်ပံ့ရေးတွေကို လုပ်ဆောင်နေပြီး တတ်နိုင်သမျှ အကူအညီတွေ ပေးနေပါတယ်လို့လည်း ဆိုထားပါတယ်။ 

သျှီဝနတ်ဘုရားဂူဟာ တစ်နှစ်တာလုံး နှင်းတွေဖုံးလွှမ်းနေပေမယ့် အာဏာပိုင်တွေကတော့ ရာသီဥတု အပူချိန်မြင့်တက်မှ လမ်းတွေရှင်းမှာကြောင့် နွေရာသီမှာပဲ  ဘုရားဖူးတွေကို  ၄၅ ရက်ကြာ လာရောက်လည်ပတ်ခွင့် ပေးထားတာပါ။

ပထမ ၁၀ ရက်အတွင်းမှာပဲ လာရောက်သူ ၆၀,၀၀၀ ကျော် ရှိပြီးနောက်မှာ အာဏာပိုင်တွေဟာ နတ်ကွန်းကို ဟိန္ဒူဘုရားဖူး ၈ သိန်းလောက် လာမယ်လို့ ခန့်မှန်းထားပါတယ်။

မွတ်စလင်အများစုနေထိုင်ရာ ဒေသမှာ ဘုရားဖူးရာသီက ဇွန်လမှာ စတင်ခဲ့တာကြောင့် အော်တိုမက်တစ် ရိုင်ဖယ်သေနတ်တွေ ကိုင်ဆောင်ထားတဲ့ အိန္ဒိယစစ်သားတွေဟာ လမ်းမတွေပေါ်မှာ လုံခြုံရေး စောင့်ကြပ်ပေးနေပါတယ်။ 

//
Up