သီရိလင်္ကာ၌ ညမထွက်ရအမိန့်ထုတ်ပြန်

သီရိလင်္ကာနိုင်ငံ စီးပွားရေးမြို့တော်ကိုလံဘိုမှာ ရဲတပ်ဖွဲ့ဟာ ဇူလိုင် ၈ ရက်က ဆန္ဒပြကျောင်းသားတွေကို မျက်ရည်ယိုဗုံးနဲ့ မီးသတ်ပိုက်တွေ အသုံးပြု နှိမ်နင်းခဲ့ပြီးနောက်မှာ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပါတယ်။
ကျောင်းသားတွေဟာ မြို့ပြင်ရှိ တက္ကသိုလ်တစ်ခုမှာ စတင်ဆန္ဒပြခဲ့ကြပြီးတော့ ရဲလုံခြုံရေး ထူထူထပ်ထပ် ချထားတဲ့ စီးပွားရေးရပ်ကွက်ရှိ သမ္မတ ဂိုတာဘာယ ရာဂျာပါ့ခ်စာရဲ့ သမ္မတအိမ်တော်ကို ချီတက်ခဲ့ကြတာပါ။
ဆန္ဒပြသူတွေဟာ ဇူလိုင် ၉ မနက်မှာ ရဲတပ်ဖွဲ့ အတားအဆီးတွေဘေးမှာ ညအိပ်ဖို့ စီစဉ်ခဲ့ကြပါတယ်။
သမ္မတနေအိမ်ကို ဝိုင်းထားမယ်လို့ ဆန္ဒပြသူတွေကပြောပါတယ်။ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို ပြန်တွန်းထုတ်ဖို့ မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။
သီရိလင်္ကာနိုင်ငံမှာ နှစ်ပေါင်း ၇၀ အတွင်း အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်းကြောင့် ၂၂ သန်းသော လူထုရဲ့ မကျေနပ်မှုများ တိုးလာနေတာပါ။
နိုင်ငံခြားငွေ အရန်ငွေ စံချိန်တင်နိမ့်ကျနေပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ လောင်စာဆီတွေအတွက် ငွေပေးချေဖို့ ရုန်းကန်နေရတဲ့ နိုင်ငံရဲ့စီးပွားရေး အကျပ်အတည်းအတွက် သမ္မတကို အပြစ်တင် နေကြပြီး ဆန္ဒပြသူအများအပြားက သမ္မတ ရာဂျာပါ့ခ်စာ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ ကြပါတယ်။