မြန်မာစစ်ခေါင်းဆောင်များကို တရုတ်နှင့်အာဆီယံ ဖိအားပေးရန် အမေရိကန် တောင်းဆို

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က တရုတ်နဲ့ အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာပြည်က အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို ဖိအားပေးဖို့ ဇူလိုင် ၁၀ ရက်မှာ ထပ်မံ တောင်းဆိုလိုက်ပါတယ်။
“အာဏာသိမ်းအုပ်စုက လုပ်နေတာတွေ၊ ဖိနှိပ်ရက်စက်နေတာတွေနဲ့ပတ်သက်လို့ နိုင်ငံတွေ အားလုံးက နှုတ်ဆိတ်မနေဘဲ ရှင်းရှင်းလင်းလင်း ဝေဖန်ဖို့ လိုတယ်။ ဒါဟာ မြန်မာပြည်မှာ အာဏာသိမ်းအုပ်စုက ပြည်သူလူထုအပေါ်မှာ တာဝန်ယူမှု ရှိလာစေဖို့ ကျနော်တို့ အားလုံး လုပ်ရမယ့် တာဝန်ဝတ္တရားဖြစ်တယ်။”
ဘလင်ကန်ဟာ အာရှခရီးစဉ်အတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မှာ ရောက်နေစဉ် ဇူလိုင် ၁၀ ရက်က အခုလို ပြောကြားလိုက်တာပါ။
အာဏာသိမ်းအုပ်စုအနေနဲ့ အာဆီယံနဲ့ သဘောထားတဲ့ အချက်တွေကို တာဝန်ခံဖို့ လိုတယ်လို့လည်း ပြောပါတယ်။
“အချက်ငါးချက်ပါတဲ့ အာဆီယံ သဘောတူညီချက်ကို အာဏာသိမ်းအုပ်စုက လက်တွေ့ အကောင်အထည်ဖော်ဖို့ ဒေသတခုလုံးက ဆက်ပြီး တွန်းပေးဖို့ အရေးကြီးတယ်” လို့ ဘလင်ကန်က ပြောပါတယ်။
အာဆီယံအဖွဲ့ဝင် ၉ နိုင်ငံနဲ့ အာဏာသိမ်းခေါင်းဆောင်တို့ ဧပြီလတုန်းက သဘောတူထားတဲ့ စာချုပ်အရ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်ဖို့နဲ့ သက်ဆိုင်သူတွေ အားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးကို ကတိကဝတ်ပြုထားကြတာပါ။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ ဂျီ ၂၀ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ တရုတ် နိုင်ငံခြားရေးဝန်ကြီးနဲ့ သီးသန့် တွေ့ဆုံခဲ့ပါတယ်။
အာရှခရီးစဉ်မှာ အရင်က ဂျပန်ကိုသွားဖို့ အစီအစဉ် မပါခဲ့ပေမယ့် ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အားဘေး လုပ်ကြံခံလိုက်ရတဲ့ အဖြစ်အပျက်ကြောင့် ဘန်ကောက်ကနေ တိုကျိုကို ခရီးဆက်ဖို့ ရှိပါတယ်။