ဒွန်းနက်စ်ခ်ဒေသရှိ လူနေတိုက်ခန်း ရုရှားဒုံးကျည်ထိမှန်သဖြင့် ၁၅ ဦးသေဆုံး

ယူကရိန်းနိုင်ငံ ဒွန်းနက်စ်ခ်ဒေသမှာ ရုရှားစစ်တပ်ဘက်က ပစ်လိုက်တဲ့ ရော့ကတ်ဒုံးကျည်တွေ လူနေတိုက်ခန်းကို ထိမှန်ခဲ့တာကြောင့် ၁၅ ယောက်ထက် မနည်းသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရသွားတယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။
ယူကရိန်း သမ္မတ ဇလန်းစကီးရဲ့ရုံးက ရုံးအုပ်ကြီး အန်ဒရီ ယာမာခ်က ဒါဟာ အကြမ်းဖက်သမား တွေရဲ့ နောက်ထပ် တိုက်ခိုက်မှုတခေဖြစ်တယ်လို့ တယ်လီဂရမ်မှာ ရေးသားထားပါတယ်။
ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ဒွန်းနက်စ်ခ်နဲ့ လူ့ဟန့်စ်ခ် ခရိုင်နှစ်ခု ပေါင်းကို ဒွန်းဘက်စ်ဒေသကြီးလို့ ခေါ်ပြီး စက်မှုလက်မှု ထွန်းကားတဲ့ ဒီဒေသကြီးဟာ စစ်မြေပြင်ဖြစ်နေခဲ့တာ ကြာပါပြီ။
ဒီဒေသထဲမှာ ရုရှား လိုလားတဲ့ ခွဲထွက်ရေးသမားတွေ တစိတ်တပိုင်း လွှမ်းမိုးထားခဲ့ပြီး အခုတော့ ရုရှားက ဒွန်းဘက်စ်ဒေသကြီး တခုလုံးကို ထိန်းချုပ်ဖို့ ကြိုးစားနေတာပါ။
ရုရှားက ပြောနေတဲ့ အထူးစစ်ဆင်ရေးဆိုတာဟာလည်း ဒီဒွန်းဘက်စ် ဒေသထဲကနေ ယူကရိန်းအစိုးရတပ်တွေကို အပြီးတိုင် တိုက်ထုတ်ရေးဟာ အဓိက ကျနေပါတယ်။
ဒါပေမဲ့ လေးလကျော်ကြာနေပြီး ဖြစ်တဲ့ ရုရှားရဲ့ “ အထူးစစ်ဆင်ရေး” ဟာ ရှေးဟောင်းခေတ်ပုံစံ နယ်မြေသိမ်းပြီး ကိုလိုနီပြုဖို့ ကြိုးပမ်းတဲ့ ကျူးကျော်စစ်ဖြစ်တယ်လို့ အနောက်နိုင်ငံတွေက သတ်မှတ်ထားပါတယ်။