မန်ယူအသင်း အဝတ်လဲခန်းအတွင်း အုပ်စုကွဲနေမှုမျိုး ထပ်မဖြစ်ရန် ဖရက်ဒ် တိုက်တွန်း

မန်ယူအသင်းရဲ့အဝတ်လဲခန်းအတွင်းမှာ ကစားသမားတွေအုပ်စုကွဲနေတာတွေ ထပ်မဖြစ်ဖို့ လိုအပ်ကြောင်း ကွင်းလယ်လူဖရက်ဒ် ပြောပါတယ်။
ပြီးခဲ့တဲ့ရာသီ မန်ယူအသင်းမှာ ကစားသမားတွေအချင်းချင်းအုပ်စုကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အသင်းရဲ့ရလဒ်ပိုင်းကိုလည်း ထိခိုက်စေခဲ့ပါတယ်။
လာမယ့်ရာသီမှာတော့ နည်းပြအသစ်ရောက်ရှိလာပြီဖြစ်သလို ကစားသမားတွေ အနေနဲ့လည်း စည်းလုံးညီညွတ်မှုရှိဖို့လိုအပ်ကြောင်း ကွင်းလယ်လူဖရက်ဒ်က ပြောပါတယ်။
“ကျနော်တို့ စည်းလုံးမှုရှိဖို့လိုပါတယ်။ ပြီးခဲ့တဲ့နှစ်က နေရာတိုင်းမှာ ခက်ခဲမှုတွေရှိခဲ့ပြီး ဖြေရှင်းနိုင်ဖို့ခက်ခဲခဲ့ပါတယ်။ ဒီရာသီမှာ နည်းပြသစ်၊ စည်းကမ်းသစ်တွေနဲ့အတူ အသင်းတစ်သင်းလို အတူတကွ ဖြတ်သန်းသွားဖို့လိုပါတယ်” လို့ ဖရက်ဒ်က ပြောပါတယ်။
မန်ယူအသင်းဟာ လီဗာပူးနဲ့ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ဒီကနေ့ ရာသီခြေစမ်းကစားဖို့ ရှိနေပါတယ်။
ဆုဖလားတွေနဲ့လည်းဝေးကွာခဲ့တာကြောင့် နည်းပြသစ် အဲရစ်နဲလက်ထက်မှာ အောင်မြင်မှုတွေ ပြန်လည်ရယူနိုင်ဖို့ ဖရက်ဒ်က တိုက်တွန်းသွားခဲ့ပါတယ်။