အင်ဒိုနီးရှားသမ္မတနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံတော်ကောင်စီဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ အင်ဒိုနီးရှားမြို့တော် ဂျကာတာမှာ ဇူလိုင် ၁၁ ရက်က တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။
တွေ့ဆုံရာမှာ ရုရှားနဲ့ ယူကရိန်း အကျပ်အတည်းကိစ္စတွေ ဆွေးနွေးခဲ့ကြပြီး ကမ္ဘာကြီးဟာ ဘက်လိုက်ဖို့ ဖိအားမပေးသင့်ဘဲ ပဋိပက္ခကို ဖြေရှင်းရာမှာ အဖြေရှာဖို့ အတူလုပ်ဆောင်သင့်တယ်လို့ ဝမ်ယိက ပြောပါတယ်။
လာမယ့်နှစ်တွေအတွင်း တရုတ်စျေးကွက်ထဲကို အင်ဒိုနီးရှားထုတ်ကုန်တွေ ပိုပြီးဝင်လာတာ မြင်ချင်တယ်လို့လည်း သူတို့နှစ်ယောက်စလုံးက ပြောပါတယ်။
အင်ဒိုနီးရှားမှာ အကြီးဆုံးရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေထဲက တခုဖြစ်တဲ့ မြန်နှုန်းမြင့်ရထားလမ်း ပြီးစီးဖို့ အားထုတ်မှုတွေ အပါအဝင် အင်ဒိုနီးရှားနဲ့ တရုတ်ကြား ပူးတွဲလုပ်ဆောင်နေဆဲ စီမံကိန်းတွေ အတော်များများကိုလည်း ဆွေးနွေးခဲ့ပါတယ်။
အင်ဒိုနီးရှားနဲ့ ပိုနီးကပ်တဲ့ ဆက်ဆံရေးဟာ နှစ်နိုင်ငံလုံးကို ပိုအားကောင်းစေရုံသာမက အာဆီယံဒေသအတွင်း တည်ငြိမ်မှုထိန်းသိမ်းရေးအတွက်ပါ အကူအညီရမယ်လို့ ဝမ်ယိက ပြောပါတယ်။
တရုတ်ဟာ အင်ဒိုနီးရှားနဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှု နယ်ပယ်တွေမှာပါ ပါဝင် ပတ်သက်စေချင်တယ်လို့ ဝမ်ယိက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဝမ်ယိဟာ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ အတွင်းဝန်ရုံးဆီကိုလည်း သွားရောက်ခဲ့ပြီး လက်ရှိ အာဆီယံအတွင်းရေးမှူးချုပ် ဒါတိုလင်မ်ဂျော့ခ်ဟွိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။