တရုတ်နိုင်ငံတွင် အပူချိန် စံချိန်တင်မြင့်တက်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ယန်ကျင်းခရိုင်မှာ သမိုင်းဝင် အပူချိန် စံချိန်တင်မြင့်တက်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဇူလိုင် ၁၃ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ယူနန်ပြည်နယ် အနောက်တောင်ပိုင်း ယန်ကျင်းခရိုင်မှာ ဇူလိုင် ၁၁ ရက်က သမိုင်းဝင် အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ် (၁၁၁ ဒသမ ၂ ဖာရင်ဟိုက်) ထိ မြင့်တက်ခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV က ကြေညာပါတယ်။
ယန်ကျင်းခရိုင်တလွှား လမ်းတွေပေါ်မှာ လူသူကင်းမဲ့နေပုံကို CCTV က ထုတ်လွှင့်ပြသခဲ့ပါတယ်။
တရုတ်နိုင်ငံအလယ်ပိုင်း ကျန်းကျိုးပြည်နယ်မှာလည်း မီးရထားဝန်ထမ်းတွေဟာ အလွန်အကျွံသုံးလို့ ချွတ်ယွင်းလာနေတဲ့ လေအေးပေးစက်စနစ်တွေကို ပြုပြင်မွမ်းမံတာတွေ သန့်ရှင်းရေးလုပ်ရတာတွေ ပုံမှန်ထက်ပိုပြီး မကြာမကြာ လုပ်နေရတယ်လို့ CCTV က ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ အဆင့်သုံးဆင့် သတိပေးစနစ်မှာ အမြင့်ဆုံးဖြစ်တဲ့ အနီရောင်အဆင့် သတိပေးချက်တွေကို ဇူလိုင် ၁၂ ရက်က တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖြန့်ကြက် ထုတ်ပြန်ထားပါတယ်။ ပြည်သူတွေကို အပူဒဏ်ကနေ ကာကွယ်ဖို့လည်း မြို့ကြီးတွေမှာ ဆောင်ရွက်ပေးခဲ့ပါတယ်။
လာမယ့်ရက်တွေအတွင်း အပူချိန်ပြင်းထန်ပြီး မိုးဆက်ရွာမယ်လို့ ခန့်မှန်းထားပါတယ်။