အိန္ဒိယအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် ရေကြီး

အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်ထဲမှာ မိုးများပြီးနောက် မြစ်ရေလျှံကာ လမ်းမတွေပေါ်မှာ ခါးလောက်အထိ ရေကြီးတာနဲ့ ကြုံနေရပါတယ်။
“အိမ်တွေထဲအထိ ရေ ၆ ပေလောက် မြုပ်နေလို့ ပစ္စည်းတွေ ပျက်စီးကုန်ပြီ” လို့ နက်ဗ်စာရီမြို့ခံ ရာဂျက်သက္ကာက ပြောပါတယ်။
ဈေးဆိုင်တွေ ပိတ်ထားရပြီး ဘာသာရေးဝတ်ပြုတဲ့ နေရာတွေမှာလည်း ရေမြုပ်နေတာကို တွေ့ရပါတယ်။ မဟာရက်ရှ်ထရာပြည်နယ်ထဲက ပူနာမြို့မှာလည်း ရေကြီးမှုနဲ့ ကြုံနေရပြီး အိမ်တွေ ရေမြုပ်နေပါတယ်။
နှစ်ပေါင်း ၅၀ အတွင်း အခုလို ရေကြီးတာမျိုးကို အရင်က မကြုံခဲ့ဖူးဘူးလို့ မြို့ခံတယောက်က ပြောပါတယ်။
အိန္ဒိယရဲ့ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းမြို့မှာလည်း ဗုဒ္ဓဟူးနေ့က ရေကြီးနေပါတယ်။ မုတ်သုံမိုးဟာ ကြာသပတေးနေ့အထိ ဆက်ပြီးသည်းနိုင်တယ်လို့ အိန္ဒိယ မိုးဇလဌာနက တနင်္လာနေ့မှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။