အရာတော်မြို့နယ် ဆင်တလည်ကျေးရွာကို စစ်ကောင်စီတပ်မီးရှို့၊ နေအိမ် ၃၀ ခန့် ဆုံးရှုံး

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ဆင်တလည်ကျေးရွာကို ဇူလိုင် ၁၃ ရက်က စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့က လက်နက်တွေနဲ့ အကြောင်းမဲ့ ပစ်ခတ်ဝင်ရောက်လာပြီး လူနေအိမ် ၃၀ လောက်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီး ပူးပေါင်းတပ်ဖွဲ့အင်အား ၅၀ ကျော်ဟာ ကျေးရွာအတွင်းကို ဇူလိုင် ၁၃ ရက် မနက် ၁၀ နာရီလောက်က စတင်ပြီး လက်နက်ကြီးနဲ့ အချက် ၂၀ လောက် ပစ်ခတ်ဝင်ရောက်လာတာလို့ ဒေသခံပြည်သူတဦးက ပြောပါတယ်။
“အဲ့ဒီမနက်ကတည်းက ရွာအနီးလည်း ဘာတိုက်ပွဲမှမရှိဘဲ လက်နက်ကြီးတွေ၊ သေနတ်တွေနဲ့ ပစ်ပြီးဝင်လာတာ။ ရွာက အကုန်ပြေးရတယ်။ သူတို့ ရွာထဲလည်း ဆဲဆိုပြီး ဝင်လာတာ။ အိမ်ရှိ ပစ္စည်းမှန်သမျှ အကုန်ရိုက်ခွဲပြီး အိမ်တွေလည်း မီးရှို့သွားကြတာ။ ပျက်စီးတာတော့ အိမ်ခြေ ၅၀ လောက် ပျက်စီးသွားတယ်။ ၃၀ လောက်က ပြာကျသွားတာ။ ဒါတောင် သူတို့ (စစ်ကောင်စီတပ်ဖွဲ့) ပြန်ထွက်သွားမှ အကုန်ဝိုင်းမီးငြှိမ်းလို့ ကံကောင်းသွားတယ်။ ထိခိုက်မှုအနေနဲ့ကတော့ လွတ်အောင်ထွက်ပြေးကြရလို့ ရွာက သေဆုံးထိခိုက်တာတော့ မရှိခဲ့ဘူးဗျ။ ဒါပေမဲ့ နေအိမ်နဲ့ပစ္စည်းတွေ မီးထဲပါသွားတော့ ဘဝပျက်တော့တာပေါ့ဗျာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၆ ရက်က စစ်ကောင်စီခန့် ဆင်တလည်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင် အသတ်ခံလိုက်ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျေးရွာဒေသခံတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အဆက်သွယ်ရှိတယ်ဆိုတဲ့အထင်နဲ့ စစ်ကောင်စီတပ်က အငြိုးထားတာလည်း ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အရာတော်မြို့နယ်မှာ ပြီးခဲ့တဲ့ မေ ၂ ရက်ကလည်း မလဲသာကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က အကြောင်းမဲ့ ဝင်ရောက်မီးရှို့ခဲ့တဲ့အတွက် နေအိမ် ၅၀၀ ကျော် မီးလောင်ဆုံးရှုံးကာ ပြည်သူ ၂ ယောက်ကိုလည်း သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။
Photo - ဆင်တလည်ကျေးရွာ မီးလောင်ဆုံးရှုံးသွားသည့် နေအိမ်များ