ပေါက်ခေါင်းမြို့မရဲစခန်း မိုင်းခွဲတိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့မှာ ဇူလိုင် ၁၃ ရက်s ညနေပိုင်းက မြို့မရဲစခန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် ငါးပြေ မပြောက်ကျားတပ်ဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။
ပေါက်ခေါင်းမြို့မ ရဲစခန်းကို တိုက်ခိုက်ဖို့ ဇူလိုင် ၁၂ ရက်ကတည်းက သွားရောက်ခဲ့ပေမဲ့ လက်နက် ခဲယမ်းအခက်ခဲကြောင့် ဇူလိုင် ၁၃ ရက် ညနေ ၆ နာရီလောက်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ငါးခူက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် အချုပ်ခန်းဘေးက နေအိမ်လိုင်းခန်းတခန်း ထိခိုက်ပျက်စီးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တချို့လည်း ထိခိုက်ဒဏ်ရာရှိခဲတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတွေဆီကနေသိရတယ်လို့ ဆိုပါတယ်။
အဲဒီဖောက်ခွဲတိုက်ခိုက်မှုကို ငါးပြေမပြောက်ကျားတပ်ဖွဲ့၊ အောင်လံ-PDFနဲ့ပေါက်ခေါင်း လွတ်မြောက်ရေးအင်အားစုတို့ရဲ့ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ် ဌာနချုပ်မှာ သင်တန်းတက်ရောက်နေတဲ့ Team-A က သင်တန်းသားတွေက အရိပ်မဲ့ စစ်ဆင်ရေးပြုလုပ်ခဲ့တာလို့ ဗိုလ်ငါးခူက ပြောပါတယ်။
“ကျနော်တို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့ဟာ NUG ကတရားဝင်အသိမှတ်ပြုထားတဲ့ တပ်ရင်းလည်း မဟုတ်တော့ ပြောက်ကျားတပ်ဖွဲ့ကြီး ပုံစံမျိုးသွားတာဆိုတော့ စားစရိတ်တွေ၊ သင်တန်းသားတွေကို လေ့ကျင့်ပေးတဲ့စရိတ်တွေနဲ့ လက်နက်ခဲယမ်းတွေ အခက်ခဲတွေအမျိုးမျိုးရှိနေတဲ့ကြားက စစ်အာဏာရှင်ကို တော်လှန်နေကြရတယ်” လို့ ပြောပါတယ်။
အဲဒီရဲစခန်း ဖောက်ခွဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။