close

မိုးကောင်းမြို့တွင် CDM ကျောင်းဆရာမ ၁ ဦး ဖမ်းဆီးခံရ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ ကညင်မြိုင်ကျေးရွာက CDM ပြုလုပ်ထားတဲ့ ကျောင်းဆရာမ ဒေါ်စိုးမြမြကို ဇူလိုင် ၁၃ ရက် နေ့လယ်က စစ်ကောင်စီလက်အောက်ခံ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ကျောင်းဆရာမ ဒေါ်စိုးမြမြကို အဝတ်စ အမည်း‌ရောင်နဲ့ ခေါင်းကိုစွပ်ပြီး လက်ပြန်ကြိုးတုပ် ဖမ်းသွားတာလို့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

ဆရာမရဲ့ Laptop ကွန်ပျူတာနဲ့  ဖုန်းတစ်လုံးကိုလည်း သိမ်းဆည်းကာ မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်(မပခ)ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ် ။

အခုရက်ပိုင်းအတွင်း Kaung For You Education အွန်လိုင်းသင်တန်းကျောင်းနဲ့ ဆက်နွှယ်ပြီး ဆရာဆရာမတွေကို ကျောင်းသားတွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီးနေတာဖြစ်ပါတယ်။

Kaung For You Education ကျောင်းမှာ စာသင်ကြားပေးနေတဲ့ ဆရာ/ဆရာမ တချို့ ဖမ်းဆီးခံထားရပြီး ကလောမြို့မှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ဆရာမတယောက် စာသင်ကြားနေစဉ် အရပ်ဝတ်တွေနဲ့ ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်သွားခံရတယ်လို့ ‌ဒေသတွင်း သတင်းရင်းမြစ်တွေမှာ ဖေါ်ပြချက်အရ သိရပါတယ်။

Kaung For You Education ကျောင်းမှာ အခုပညာသင်နှစ်အတွက် ကျောင်းအပ်ထား တဲ့ကျောင်းသား ၊ ကျောင်းသူ ၃၀၀၀၀ ကျော်ရှိပြီး အဖမ်းဆီးတွေကြောင့် ယာယီ‌ကျောင်း ယာယီပိတ်ထားရပါတယ်။

//
Up