close

မျှော်လင့်ချက်ဖြင့် ဖတ်ခဲ့သည်

(၁)

မြန်မာ အတ္ထုပ္ပတ္တိစာပေ အမျိုးအစားသည် မြန်မာစာပေ စတင်ပေါ်ပေါက်လာကတည်းက တပြိုင်နက်တည်းလိုလို ယှဉ်တွဲ ပေါ်ပေါက်လာခဲ့သည်ဟု ဆိုရပါမည်။

မြန်မာစာပေ အရုဏ်ဦးကတည်းက အတ္ထုပ္ပတ္တိစာပေ အမျိုးအစားသည် ပေါ်ပေါက်လာခဲ့သည့်သဘောပင် ဖြစ်သည်။ အထင်ရှားဆုံး ဥပမာမှာ ခရစ်နှစ် ၁၁၁၂ ခုတွင် ရေးထိုးသော မြစေတီကျောက်စာတွင် သာသနာတော်သက္ကရာဇ် ၁၆၂၈ ခုနှစ်၌ ပုဂံပြည်တွင် ကျန်စစ်သားမင်း အုပ်ချုပ်မင်းလုပ်သည့်အကြောင်း၊ ဘုရင်သည် မိဘုရားသမ္ဘူလအား ကျွန်သုံးရွာကို ပေးထားသည့်အကြောင်း၊ ထိုမိဘုရား၏ သားတော်မှာ ရာဇကုမာ ဖြစ်ကြောင်း၊ မိဘုရားလွန်သည့်အခါ မိဘုရား၏ ရတနာတန်ဆာများနှင့် ကျွန်သုံးရွာကို သားတော် ရာဇကုမာအား ပေးကြောင်း၊ နန်းစံ ၂၈ နှစ် ကျန်စစ်မင်း နာမကျန်းဖြစ်သည့်အခါ ရာဇကုမာက ဖခမည်းတော်အတွက် ဆင်းတုတော်တဆူနှင့် ကျွန်သုံးရွာကို ဘုရားထံ လှူဒါန်းသည့်အကြောင်း  ကျန်စစ်သားမင်းနှင့် ရာဇကုမာတို့၏ အကြောင်းခြင်းရာ အတ္ထုပ္ပတ်ကို ရေးထိုးမှတ်တမ်းတင်ခဲ့သည်ကို ထောက်ရှုလျင် မြန်မာစာပေ ပေါ်ဦးစကတည်းက အတ္ထုပ္ပတ္တိစာပေ အရေးအသားသည်လည်း တပါတည်း ပေါ်ပေါက်လာခဲ့သည်ဟု ယူဆနိုင်ပါသည်။

နှစ်ပေါင်း ၁၀၀၀ ဝန်းကျင် သက်တမ်းရှိခဲ့ပြီဖြစ်သည့် အတ္ထုပ္ပတ္တိစာပေ အမျိုးအစားကို အကြမ်းဖျင်းအားဖြင့် လေးမျိုးရှိသည်ဟု ခွဲခြမ်း ပြောဆိုလို့ ရနိုင်ပြန်ပါသည်။

ပုဂ္ဂိုလ်တဦးတယောက်၏ ဘဝဖြစ်ရပ်နှင့် စရိုက်ကို အခြားပုဂ္ဂိုလ်တဦးက ရေးသားမှတ်တမ်းတင်သည့် စာပေအမျိုးအစားကို ‘ရိုးရိုး အတ္ထုပ္ပတ္တိစာပေ’ ဟူ၍လည်းကောင်း၊ မိမိ၏ဘဝဖြစ်ရပ်ကို မိမိကိုယ်တိုင်ရေးသည့် ‘ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာပေ’ ဟူ၍လည်းကောင်း၊ ယင်း အတ္ထုပ္ပတ္တိစာပေ အမျိုးအစားနှစ်ခုကိုပင် ရိုးရိုးစင်းစင်းမရေးဘဲ မိမိ၏ စိတ်ကူးစိတ်သန်းများကိုပါ ထည့်သွင်းရေးသားသည့် ‘ဝတ္ထုသဘောဆောင်သည့် အတ္ထုပ္ပတ္တိစာပေ’ ဟူ၍လည်းကောင်း၊ နောက်ဆုံးအမျိုးအစားမှာ ‘မှတ်တမ်းသဘောပါသော အတ္ထုပ္ပတ္တိစာပေ’ အမျိုးအစားဟူ၍ ဖြစ်သည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း ပုံနှိပ်ထုတ်ဝေလာသည့် အတ္ထုပ္ပတ္တိဆိုင်ရာ စာအုပ်များထဲတွင် ထိပ်တန်းစစ်ခေါင်းဆောင်တချို့ ရေးသားထုတ်ဝေသည့် အတ္ထုပ္ပတ္တိစာအုပ်များကို စာဖတ်ပရိသတ်က ပို၍ စိတ်ဝင်စားခဲ့ကြသည်ဟု ယူဆမိပါသည်။ ဥပမာ...  သောင်းဝေဦး၏ ‘စစ်သားဘဝ အမှတ်တရများ’ စာအုပ်များ ဖြစ်သည်။

နှစ်ပေါင်း ၆၀ ကျော် တိုင်းပြည်အာဏာကို စစ်တပ်က ပုံသဏ္ဌာန်အမျိုးမျိုးနှင့် ရယူလာခဲ့သည့် ကာလအတွင်း စစ်ခေါင်းဆောင်များသည် အုပ်ချုပ်သူတို့၏ အတွင်းရေးကို တိုင်းပြည်က မသိအောင် အထူးထိန်းချုပ် ဖုံးအုပ်ထားသည့်အချိန် စစ်တပ်၏ ထိပ်ပိုင်းခေါင်းဆောင်တချို့က သူတို့၏ ကိုယ်ရေးအတ္ထုပ္ပတ္တိများကို ရေးသားထုတ်ဝေလာသည့်အခါ စာဖတ်ပရိသတ်အနေနှင့် ထိုစစ်ခေါင်းဆောင်များ၏ စာအုပ်များအပေါ် မျှော်လင့်ချက်ဖြင့် စိတ်ဝင်စားခဲ့ကြသည်ဟု ဆိုရပါမည်။

အုပ်ချုပ်သူတို့၏ အတွင်းရေးများ၊ စစ်ခေါင်းဆောင်များက တိုင်းပြည်အပေါ်ထားရှိသည့် စိတ်နေစိတ်ထားနှင့် စစ်ခေါင်းဆောင်များ၏ အတွေးအခေါ် အတိမ်အနက်ကို ထိုစာအုပ်များထဲက တဆင့် တစွန်းတစအားဖြင့် သိနိုင်ကောင်းရဲ့ဟူသော မျှော်လင့်ချက်ဖြင့်သာ ထိုစာအုပ်များကို စာဖတ်ပရိသတ်က စိတ်ဝင်စားခဲ့ကြခြင်း ဖြစ်သည်။

ကျနော်သည်လည်း ထို စိတ်အာသီသ အခံဖြင့်ပင် သောင်းဝေဦး (ဗိုလ်မှူးကြီး သောင်းဝေ- အငြိမ်းစား) ၏ ‘စစ်သားဘဝ အမှတ်တရများ’ စာအုပ်တွဲ (၄) အုပ်ကို ဖတ်ရှုခဲ့ခြင်း ဖြစ်သည်ဟု ဦးစွာပထမ ဝန်ခံရပါမည်။

(၂)

သောင်းဝေဦး၏ ‘စစ်သားဘဝ အမှတ်တရများ’ စာအုပ်မှာ လျှို့ဝှက်ဆန်းကြယ် မဂ္ဂဇင်းတွင် လစဉ် အခန်းဆက်ရေးခဲ့သည့် ဆောင်းပါးများကို အတွဲ (၄) တွဲခွဲ၍ ထုတ်ဝေသော စာအုပ်ဖြစ်သည်။ စစ်တပ်အတွင်း စတင်ဝင်ရောက်သည်မှ ပင်စင်ယူသည်အထိ စစ်မှုထမ်းတဦး၏ အတွေ့အကြုံများကို မှတ်တမ်းနှင့် အတွေး ရောယှက်ရေးသားသည့် ‘မှတ်တမ်းသဘောပါသော အတ္ထုပ္ပတ္တိ’ စာအုပ်ဖြစ်သည်။

မျက်မှောက်ခေတ် မြန်မာ့တပ်မတော်တွင် မိမိဆန္ဒအလျောက် စစ်တပ်အတွင်း ဝင်ရောက်လာခဲ့ကြသူများ ရှိသည့်နည်းတူ မိမိဆန္ဒအလျောက်မဟုတ်ဘဲ နည်းအမျိုးမျိုးဖြင့် သိမ်းသွင်းဆွဲခေါ်၍ စစ်တပ်အတွင်း ဝင်ကြရသူများ ရှိနေသည်ဟူသည့် သတင်း ထွက်ပေါ်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။

သောင်းဝေဦးကတော့ စစ်တပ်အတွင်း ဆွဲသွင်းလို့ ဝင်ရာက်လာရသူတော့ မဟုတ်ပါ။ မိမိဆန္ဒအလျောက် စစ်တပ်အတွင်း ဝင်ရောက်လာခဲ့သူဖြစ်၏။ သူ၏ ‘စစ်သားဘဝ အမှတ်တရများ’ စာအုပ် အတွဲ(၁)၊ နိဒါန်းအခန်း ‘မမျှော်လင့်ပဲ စစ်သားဖြစ်လာခြင်း’ ခေါင်းစဉ်ဖြင့် ရေးသည့် ဆောင်းပါးတွင် မိမိဘက်မှ တဖက်သတ်ကြိုက်နေသော မိမိထက် အသက်ကြီးသည့် အမျိုးသမီးကြီးတဦးက မိမိအား တခြားယောကျ်ားတဦးနှင့် နှိုင်းယှဉ်ကာ နှိမ့်ချပြောဆိုသည်ကို မခံချင်စိတ်တခုတည်းနှင့် စစ်ထဲဝင်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံရေးသားထားသည်ကို တွေ့ရ၏။

အခန်း (၁) ၏ အဖွင့်စာကြောင်းကလေးက သောင်းဝေဦး စစ်တပ်ထဲဝင်ရောက်လာရခြင်း ရည်ရွယ်ချက်ကို တိတိကျကျပင် ဖော်ပြထားသည်ကို တွေ့ရ၏။

အခန်း(၁) ‘အရပ်သားဘဝမှ စစ်သားဘဝသို့ ဗိုလ်လောင်းကျောင်းသား ကျွန်တော်’ ခေါင်းစဉ်ဖြင့် ရေးသည့် ဆောင်းပါးအစကို သောင်းဝေဦးက အခုလို ရေးပြီးမှ ဖွင့်လိုက်၏။

‘ကျွန်တော်သည် ဟိုမိန်းမကြီးကြောင့် မခံချင်စိတ်ဖြင့် စစ်တပ်ထဲ ခြေစုံပစ်ဝင်ကာ စစ်သားဖြစ်လာသူ ဖြစ်ပါသည်’ ဟူ၍ စစ်တပ်တွင်းသို့ ဝင်ရောက်လာခဲ့ရခြင်း ရည်ရွယ်ချက်ကို  ရေးခဲ့၏။ (စာမျက်နှာ ၄၅)

သောင်းဝေဦး၏ အခန်း (၁) အဖွင့်စာကြောင်းလေးကို ဖတ်ရတော့ ကျနော်ငယ်စဉ်က ဖတ်ခဲ့ဖူးသည့် ဗိုလ်မှူးချစ်ကောင်း၏ ‘အနှစ်နှစ်ဆယ်’ စာအုပ် အဖွင့်စာကြောင်းလေးကို တမုဟုတ်ချင်း သတိရမိအောင် ရလိုက်သေး၏။

ဗိုလ်မှူးချစ်ကောင်းက အနှစ်နှစ်ဆယ် စာအုပ်အစတွင် ‘ကျနော်သည် အနှစ်နှစ်ဆယ်မျှ တိုင်းပြည်အတွက် အလုပ်လုပ်လာပြီးနောက် မိမိကိုယ်မိမိ ပြန်ကြည့်လိုက်သောအခါ ကြိုးတိုက်ထဲတွင် ရောက်နေသည်ကို တွေ့ရသည်’ ဟု ရေးခဲ့၏။

သောင်းဝေဦး၏ အဖွင့်စာကြောင်းလေးနှင့် ဗိုလ်မှူးချစ်ကောင်း၏ အဖွင့်စာကြောင်းလေးမှာ တမျိုးစီ စိတ်ဝင်စားဖို့ ကောင်းနေသည်ကိုမူ ကျနော်တို့ မငြင်းနိုင်ချေ။ ထိုစာကြောင်းနှစ်ခု၏ လေးနက်မှု အထူအပါးနှင့် ဦးတည်ချက် အတိမ်အနက် မတူကြမှုကလည်း ပို၍ စိတ်ဝင်စားဖို့ ကောင်းပါသည်။

သောင်းဝေဦးက  သူ၏စာအုပ် အတွဲ (၄) တွဲတွင် စုစုပေါင်း အခန်း (၄၄) ခန်းဖွဲ့ပြီး ရေးသားခဲ့၏။ ဗိုလ်လောင်းသင်တန်း အတွေ့အကြုံများကအစ ကျေင်းဆင်းသောအခါ တာဝန်ကျရာ ဒေသအသီးသီးတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ၊ ဗမာပြည်ကွန်မြူနစ်ပါတီ ဦးဆောင်သော တော်လှန်ရေးအဖွဲ့များနှင့် ရင်ဆိုင်တိုက်ခိုက်ရသည့် စစ်ပွဲပေါင်း မြောက်မြားစွာကို အခြေခံလျက် သူ၏ မှတ်တမ်းသဘောပါသည့် ကိုယ်တိုင်‌ေရးအတ္ထုပ္ပတ္တိကို ရှည်လျားစွာ ရေးထားသည်ကို ဖတ်ရ၏။ နယ်မြေအားဖြင့် ရှမ်းပြည်၊ တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်များတွင် တာဝန်ကျခဲ့၏။ ဗိုလ်အဆင့်မှ ဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ယူခဲ့ရ၏။ တပ်ခွဲမှူးတာဝန်မှ ဗျူဟာမှူးတာဝန်အထိ တဆင့်ပြီး တဆင့်တိုး၍ တာဝန်ယူခဲ့၏။ နှစ်ပေါင်း ၂၉ နှစ်ကျော် ၃၀ နီးပါး စစ်သက်ရှိခဲ့၏။

(၃)

သောင်းဝေဦး၏ စစ်သားဘဝ အမှတ်တရများ စာအုပ်တွင် ပါရှိသည့် အဖြစ်အပျက်တချို့မှာ ကျနော်လက်လှမ်းမမီသော အဖြစ်အပျက်များ ဖြစ်သည်။ တခုတလေသော အဖြစ်အပျက်တွင်မူ ကျနော်လက်လှမ်းမီသော အဖြစ်အပျက်များလည်း ပါရှိနေသည်ကို တွေ့ရပါသည်။ ဆိုလိုသည်မှာ ထိုအဖြစ်အပျက်များ၏ ဖြစ်စဉ်တချို့တွင် ကျနော်ကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့သည့်အတွက် လက်လှမ်းမီသော အဖြစ်အပျက်များဟု ကျနော် ဆိုလိုခြင်း ဖြစ်ပါသည်။

ထို့ပြင် ကျနော် လက်လှမ်းမီသော အဖြစ်အပျက်များနှင့် ပတ်သက်ပြီး ကျနော်သိထား မှတ်သားထားသည့် အချက်အလက်တချို့နှင့် သောင်းဝေဦး ရေးသား‌ေဖာ်ပြသည့် အဖြစ်အပျက် အချက်အလက်တချို့မှာ မတူညီဘဲ ဖြစ်နေသည်ကို တွေ့ရပါသည်။ အချက်အလက် မတူညီဘဲ ဖြစ်နေသည့် အဖြစ်အပျက်များထဲမှ အချက်အလက်တခုကို ကျနော် ဖော်ပြပါမည်။

ကရင်ပြည်နယ်အတွင်း ကမ္မမောင်းနှင့် ဖာပွန်မြို့ နွေရာသီသုံး ကားလမ်းလုံခြုံရေးကိစ္စများ ဆောင်ရွက်ရာတွင် သောင်းဝေဦး၏မှတ်တမ်းနှင့် ကျနော်၏ မှတ်သားထားချက်များမှာ ကွဲပြားလွန်းနေပါသည်။

သောင်းဝေဦး ဗျူဟာမှူးဘဝနှင့် ယင်းနယ်မြေအတွင်း တာဝန်ကျနေစဉ် ကျနော်သည်လည်း ထိုနယ်မြေအတွင်း ဒီမိုကရက်တစ် မြန်မာ့အသံ၏ ကွင်းဆင်းသတင်းထောက်အနေနှင့် ရောက်ရှိနေခဲ့ပါသည်။

အတိအကျပြောရလျှင် ဆရာသောင်းဝေဦး စီးနင်းလိုက်ပါလာသည့် စစ်ကားတန်းအတွင်းမှ စစ်ကားတစီး မိုင်းခွဲခံရစဉ် ကျနော်သည် မိုင်းကွဲသည့်ရွာထဲက ကားလမ်းနှင့် ကိုက် ၁၀၀ ခန့်အကွာ တဲကလေးတလုံးပေါ်တွင် ရောက်ရှိနေခဲ့သည့်အချိန် ဖြစ်ပါသည်။

လိုအပ်သလို အနှစ်ချုပ်ပြီးပြောရလျှင် ဆရာသောင်းဝေဦးက ဗျူဟာမှူးဘဝနှင့် ကမ္မမောင်း၊ ဖာပွန် နွေရာသီသုံး ကားလမ်းတလျှောက် နအဖစစ်တပ်များကို ကွပ်ကဲဆောင်ရွက်နေရစဉ် အချိန်က ကျနော်သည် ယင်း စစ်ကားတန်းတလျှောက် ကျေးရွာများအနီးတဝိုက်တွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု သတင်းများကို စုံစမ်းမှတ်တမ်းတင်နေသည့်အချိန် ဖြစ်ပါသည်။

ထို့ကြောင့် တချိန်တည်း တနေရာတည်းတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်တချို့အပေါ် ဆရာသောင်းဝေဦးက မှတ်တမ်းတင်ခဲ့သလို ကျနော်သည်လည်း မှတ်တမ်းတင်နိုင်ခဲ့၏။ သို့သော် ဆရာသောင်းဝေဦး၏ မှတ်သားထားချက်တချို့နှင့် ကျနော်၏ မှတ်သားထားချက်များမှာ မကိုက်ညီသည်ကို တွေ့ရပါသည်။

အထင်ရှားဆုံး ကွဲလွဲချက်တခုကို ကျနော် ပြောပါမည်။

ဖာပွန်မြို့မှာ နွေရာသီတွင် ယာယီအားဖြင့် အသုံးပြုလို့ရသည့် ကားလမ်းမှတဆင့် လိုအပ်သည့် ရိက္ခာများကို စစ်ကားများဖြင့် အခေါက်ခေါက်အခါခါ သယ်ယူပို့ဆောင်နေရသည့်မြို့ ဖြစ်ပါသည်။ မိုးရာသီတွင်မူ လေယာဉ်ပျံဖြင့်သာ ဆက်သွယ်သွားလာလို့ရသည့်မြို့ ဖြစ်သည်။ ထို့ကြောင့် နွေရောက်လာသည်နှင့်တပြိုင်နက် နအဖစစ်တပ်များသည် အောင်သိဒ္ဒိလမ်းမကြီး ခေါ် ကမ္မမောင်းနှင့် ဖာပွန် နွေရာသီသုံးကားလမ်းကို ပြင်ဆင်ခြင်း၊ ကားလမ်းတလျှောက် လုံခြုံရေးကို လာရောက်စခန်းချ တာဝန်ယူရခြင်းနှင့် လိုအပ်သည့် စစ်ဆင်ရေးများကို ဆောင်ရွက်ကြရပါသည်။ ထိုအခါ ကားလမ်းဖောက်လုပ်ပြင်ဆင်ရေးနှင့် ကားလမ်းလုံခြုံရေးကို သက်ဆိုင်ရာ နယ်မြေတာဝန်ကျ စစ်တပ်များက စီမံကိန်းချပြီး ဆောင်ရွက်ကြရပါသည်။ ထိုစီမံကိန်းနှင့် ပတ်သက်ပြီး ဆရာသောင်းဝေဦး၏ စစ်သားဘဝ အမှတ်တရများ စာအုပ်တွင် ဝန်ခံရေးသားထားသည်ကို တွေ့ရ၏။

အတွဲ (၄)၊ အခန်း (၁၂) တွင် သောင်းဝေဦးက သူ တာဝန်ယူရသည့် နယ်မြေအတွင်း ကားလမ်းဖောက်လုပ်ခြင်းကို ရေးရာ၌ ‘ယခင်က တလလောက် အချိန်ယူပြီးမှ ဖောက်လုပ်ခဲ့ရသည့် ကားလမ်းကို ယခုအခါ ဒေသခံများ၏ မေတ္တာစေတနာ အကူအညီကြောင့် နှစ်ပတ်ခန့်နှင့် ပြီးအောင်ဖောက်လုပ်နိုင်ခဲ့သည်’ ဟုရေး၏။ (စာမျက်နှာ- ၃၁၆)

ထို့ပြင် ကားလမ်းတလျှောက် မောင်းနှင်လာသည့် စစ်ကားများကို ကရင်တော်လှန်ရေး ပြောက်ကျားတပ်များက ခြုံခိုတိုက်ခိုက်ခြင်းနှင့် ကားမိုင်း အခွဲခံရခြင်းများ ရှိတတ်သဖြင့် ကားလမ်းလုံခြုံရေးကို ဆောင်ရွက်ရာ၌ ‘တပ်များနှင့် မိုင်းရှာရုံသာမက ကားမိုင်းတလုံး သောင်းချီ၍ ဆုငွေပေးပြီး နယ်သူနယ်သားများအား ကူရှာစေ၏’ ဟု ရေးခဲ့၏။ (စာမျက်နှာ- ၂၆၂)

သောင်းဝေဦး၏ အထက်ပါမှတ်တမ်းများအရဆိုလျင် ကမ္မမောင်း ဖာပွန် နွေရာသီသုံး ယာယီကားလမ်းကို ပြင်ဆင်ဖောက်လုပ်ရာ၌ ဒေသခံလူထု၏ မေတ္တာစေတနာနှင့် ဝိုင်းဝန်းလုပ်အားပေးမှုကြောင့် အောင်မြင်ပြီးစီးခဲ့သည့်သဘော ဖြစ်၏။ တခါ... ကားလမ်းလုံခြုံရေးအတွက် ကရင့်တော်လှန်ရေးတပ်များက ထောင်ထားသည့် မိုင်းဗုံးများကို ရှာဖွေဖော်ထုတ်ပေးနိုင်ပါက ဗုံးတလုံးလျှင် ငွေတသောင်း ဆုငွေပေးပြီး လမ်းလုံခြုံရေးကို ဆောင်ရွက်ခဲ့သည့်သဘော ဖြစ်သည်။ သို့သော် ကျနော်ရရှိခဲ့သည့် အချက်အလက်များအရမူ ထိုသို့မဟုတ်သည်ကို တွေ့ရပါသည်။

နွေရာသီသုံး ကားလမ်းဖောက်လုပ်ပြင်ဆင်ရေးအတွက် ကားလမ်းတလျှောက် ကျေးရွာများအားလုံးထံမှ လုပ်အားပေး ပေါ်တာများ လိုလျှင်လိုအပ်သလို အရေအတွက် အကန့်အသတ်မရှိ အချိန်အကန့်အသတ်မရှိ ဆင့်ခေါ် အသုံးပြုခဲ့၏။ သက်ဆိုင်ရာနယ်မြေ တာဝန်ကျ စစ်တပ်စခန်းများမှ တပ်ရင်း တပ်ခွဲ ရုံးတံဆိပ် ရိုက်နှိပ်ဆင့်ခေါ်သော စာများကို ကျနော် လက်ခံရရှိခဲ့၏။ (နှစ်ပတ်လည် လူ့အခွင့်အရေးချိုးဖောက်ခံရမှု မှတ်တမ်း စာအုပ်- ၁၉၉၄၊ တွင် ပုံနှိပ်ဖော်ပြပြီး)

ယင်းသို့ ဆင့်ခေါ်သည့် အခမဲ့လုပ်အားပေးကိစ္စများ အချိန်မီ မဆောင်ရွက်နိုင်သည့်အတွက် ပျက်ကွက်သည့် ကျေးရွာများအား အရက်၊ ကြက်၊ ဝက်၊ ဆိတ်၊ ငွေ၊ အစရှိသည်မှ ဆန်၊ ဆီ၊ ဆားကအစ တောင်းဆို ဒဏ်ရိုက်ခဲ့၏။ (နှစ်ပတ်လည် လူ့အခွင့်အရေးချိုးဖောက်ခံရမှု မှတ်တမ်းစာအုပ်၊ ၁၉၉၄- တွင် ဖော်ပြပြီး)

ကျနော် သိမီမှတ်သားရရှိခဲ့သည့် မှတ်တမ်းမှတ်ရာများအရဆိုလျှင် ယင်း နွေရာသီသုံး ကားလမ်းဖောက်လုပ်ရေးအတွက် ဒေသခံလူထုမှာ မျက်ရည်များ၊ သွေးများ၊ ဥစ္စာပစ္စည်းများကို ရင်းပြီးမှ ဖောက်လုပ်ပေးခဲ့ရသည့် သဘောသာ ဖြစ်နေသည်ကို အခိုင်အမာ တွေ့ခဲ့ရပါသည်။

အဆိုးဝါးဆုံးကိစ္စမှာ ကားလမ်းလုံခြုံရေး ဆောင်ရွက်ချက်များကိစ္စ ဖြစ်ပါသည်။

ကားလမ်းလုံခြုံရေးကိစ္စတွင် ဆရာသောင်းဝေဦး၏ မှတ်တမ်း၌ အထွေအထူး ရှည်လျားစွာ ဖော်ပြထားခြင်းမရှိဘဲ ဗုံးတလုံး ရှာဖွေတွေ့ရှိအောင် ဆောင်ရွက်ပေးနိုင်သူ ရွာသားကို ဗုံးတလုံးလျှင် ဆုငွေတသောင်း ပေးခဲ့သည်ဟုသာ ရေးသားထားသည်ကို တွေ့ရ၏။

ဤနေရာတွင်မူ ကျနော်မှတ်သားရရှိခဲ့သည့် အချက်အလက်များအရ အနည်းငယ် ပြည့်စုံအောင် ဖော်ပြမှ ရနိုင်မည်ဟု ယူဆပါသည်။

နွေရာသီသုံး ကားလမ်းလုံခြုံရေးအတွက် သက်ဆိုင်ရာနယ်မြေ တာဝန်ကျ နအဖ တပ်ရင်းတပ်ဖွဲ့များသည် နီးစပ်ရာရွာများမှ ရွာသားများကို စုဝေးစေကာ ကားတန်းလုံခြုံရေး စည်းမျဉ်းစည်းကမ်းများကို ပြောဆိုကြေညာခဲ့၏။ ထိုကြေညာချက်ထဲတွင် အကယ်၍ ကားမိုင်းအခွဲခံရပါက ဗုံးကွဲသည့်နေရာနှင့် အနီးစပ်ဆုံး ကျေးရွာများသည် ပျက်စီးသွားသော စစ်ကားတန်ဖိုးကို ပေးလျော်ရမည်ဟူသော အချက်ကို အတိအလင်း ကြေညာခဲ့။

ထို့ပြင် စစ်ကားတန်းများ မဆင်းခင်နှင့် မတက်ခင် (ကမ္မမောင်းမှ ဖာပွန်အသွားကို အတက်၊ အပြန်ကို အဆင်းဟု ခေါ်ဆိုလေ့ရှိပါသည်။) ကျေးရွာလူထုက ကားလမ်းပေါ်တွင် သတ်မှတ်ထားသည့် နေရာအတိုင်း လမ်းလုံးပြည့် လူအုပ်နှင့် တံမြက်စည်း လှည်းခြင်းအားဖြင့် မိုင်းရှာပေးကြရမည် ဖြစ်သည်။ (လူသား မိုင်းရှာကြိယာအဖြစ် အသုံးပြုခံရခြင်း)။ ယင်းကိစ္စနှင့်ပတ်သက်ပြီး ကျနော်သည် ကျောက်ဖြာရွာအထွက်တွင် ကျောက်ဖြာရွာသား ကလေးလူကြီး အပါအဝင် လူ သုံးဆယ်ခန့် တံမြက်စည်း ကိုယ်စီလှည်းနေကြရသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ဖူးပါသည်။ (၁၃၊ ၃၊ ၉၄)

ထို့ပြင် ၁၃၊ ၃၊ ၉၄ တနင်္ဂနွေနေ့ နေ့လယ် ၂ နာရီခန့်တွင် နအဖစစ်ကားတန်း အစီး ၁၀၀ ကျော် ဆင်းလာရာ၌ ကျောက်ဖြာရွာထိပ်တွင်ပင် စစ်ကားတစီး မိုင်းခွဲခံခဲ့ရ၏။ မိုင်းခွဲခံရသည့် စစ်ကားနံပါတ်မှာ န-၇၈၃၄ ဖြစ်ပါသည်။ ကားမောင်းသူစစ်သား ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့၏။ (ထိုစဉ်အချိန်က ကျနော်သည် ကျောက်ဖြာရွာအတွင်း ကားလမ်းနှင့် ကိုက် ၁၀၀ ခန့်အကွာ အိမ်တလုံးပေါ်မှတဆင့် စစ်ကားများကို မျက်မြင်ကိုယ်တွေ့ မှတ်တမ်းတင်နေသော အချိန် ဖြစ်ပါသည်။)

ကားမိုင်းအခွဲခံရပြီး နောက်တနေ့တွင် ကျောက်ဖြာရွာတွင် တပ်စွဲထားသည့် တပ်မ ၉၉ လက်အောက်ခံ ခလရ ၃၀၂၊ တပ်ခွဲ ၃၊ တပ်ခွဲမှူး ဗိုလ်အေးကို၏ လက်မှတ်နှင့် ကျောက်ဖြာရွာ၊ ကွေလေရွာ၊ ကျုံထော်ရွာတို့အား သုံးရက်အတွင်း စုစုပေါင်း ကားဖိုးငွေ တသိန်း ပေးရမည်ဟူသော စာကို ကျောက်ဖြာရွာသူကြီး ဦးကျောက်လုံးထံ ပို့လာခဲ့၏။

ဤနေရာတွင် စာလေးမည် စာရှည်မည်ဖြစ်သော်လည်း အရေးကြီးသည်ဟု ယူဆပါသဖြင့် အနည်းငယ် ထပ်မံရှင်းလင်းဖို့ ရှိပါသေးသည်။

အခုလို ကားမိုင်းအခွဲခံရသည့်အခါ ဒေသခံလူများနှင့် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူများက ကျောက်ဖြာရွာ ကားမိုင်းအခွဲခံရသည့်ကိစ္စမှာ တော်လှန်ရေးဘက်မှထောင်သည့် ကားမိုင်းမဟုတ်ဘဲ ကျောက်ဖြာရွာတွင် တပ်စွဲထားသည့် နအဖစစ်တပ်ကသာ ပြန်ပြီး ထောင်းထားသည့် ကားမိုင်း ဖြစ်သည်ဟု ကျနော့်အား ရှင်းပြခဲ့ကြပါသည်။

ရှင်းပါမည်။ ကားလမ်းလုံခြုံရေးအတွက် စီမံရာ၌ အကယ်၍ ကားမိုင်းအခွဲခံရပါက နီးစပ်ရာရွာများကို ကားဖိုးအလျော်တောင်းခြင်း၊ မဲမဲမြင်ရာ လူ တိရစ္ဆာန် မခွဲခြားဘဲ သေနတ်နှင့် ပစ်ခတ်အရေးယူခြင်း၊ အိမ်တွေ မီးတင်အရှို့ခံရခြင်း၊ မသင်္ကာသူကို ဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်နေသည့်အတွက် ကရင့်တော်လှန်ရေးအဖွဲ့များ အနေနှင့် ကားမိုင်းထောင်ခြင်းအလုပ်ကို လျှော့ချခဲ့သည့်အပြင် ရွာနှင့်ဝေးသည့် နေရာများတွင်သာ မိုင်းထောင်ဖို့ရာ ဆုံးဖြတ်ခဲ့ရပါသည်။

အထူးသဖြင့် ကားတန်းရှေ့မှ ကားလမ်းပြည့် ရွာသားများက တံမြက်စည်းလှည်းခြင်း၊ ရွာသားအပြည့် တင်ဆောင်ထားသည့် လှည်းများကို အခေါက်ခေါက်အခါခါ မောင်းစေခြင်းများကို အတင်းအဓမ္မ ခိုင်းစေခံရသည့်အတွက် ရွာသားများ ထိခိုက်နစ်နာမှု မရှိရအောင် မိုင်းထောင်သည့်အလုပ်ကို ခေတ္တ ရပ်ဆိုင်းထားသည့်အချိန် ဖြစ်ပါသည်။

ထို့ကြောင့် ကျောက်ဖြာရွာထိပ်တွင် ကွဲသည့်မိုင်းမှာ တော်လှန်ရေးဘက်ကထောင်သည့် မိုင်းမဟုတ်ပါဟု ကျနော့်ကို ရှင်းပြကြ၏။

ထို့ပြင် ဒေသခံ နအဖစစ်တပ်ကိုယ်တိုင်က အဘယ့်ကြောင့် မိုင်းထောင်ရသနည်းဆိုသော် ထို ကားမိုင်းခွဲသည့်အချိန်မှာ ယင်းဒေသခံတပ်ရင်းသည် ရှေ့တန်းမှ ပြန်လည်ရုပ်သိမ်း အနားယူရတော့မည့် (၆) လပြည့်ကာနီးရက်ဖြစ်ပြီး ကားမိုင်းခွဲကာ ကားဖိုးအလျော်တောင်းခြင်းအားဖြင့် ဝင်ငွေရှာသွားခြင်းသာဖြစ်သည်ဟု ထောက်ပြကြပါသည်။ (ကားမိုင်းပေါက်ပြီး နောက်ထပ် ၁၅ ရက်ရှိသောအခါ ကားလမ်းလုံခြုံရေးကင်းများ ရုပ်သိမ်းသွားခြင်းနှင့် ကျောက်ဖြာရွာတွင် တပ်စွဲထားသည့် နအဖ တပ်ရင်းသည်လည်း သည်တနှစ် နွေရာသီအတွက် တာဝန်ပြီးဆုံးသဖြင့် ပြန်လည်ရုပ်သိမ်းသွားခဲ့ပါသည်။)

အထက်ဖော်ပြပါ ကျနော်ရရှိခဲ့သည့် သတင်းအချက်အလက်များကို ထောက်ရှုလျှင် ဆရာသောင်းဝေဦး၏ ရေးသားချက်နှင့် ကျနော် သိရှိထားသည့် အချက်များမှာ များစွာ ကွဲပြားနေသည်ကို တွေ့ရမည် ဖြစ်သည်။

(၄)

ယခုအခါ စာဖတ်သူများကို ဆရာသောင်းဝေဦး (ဗိုလ်မှူးကြီးဟောင်း သောင်းဝေ) ရေးသားခဲ့သည့် ‘စစ်သားဘဝ အမှတ်တရများ’ စာအုပ်အပေါ် ကျနော်၏ ရှုမြင်သုံးသပ်မှုကို အစီရင်ခံခဲ့ပြီး ဖြစ်ပါသည်။

ဤစာအုပ်ကို ဖတ်စဉ်က ကျနော်၏ မူလ အခြေခံရည်ရွယ်ချက်မှာ ကျနော်တို့တိုင်းပြည် ရာစုနှစ် တဝက်ခန့် ရင်ဆိုင်ဖြတ်သန်းနေရသည့် ပြည်တွင်းစစ် လုံးဝရပ်စဲရေး၊ ဒီမိုကရေစီစနစ် ထူထောင်နိုင်ရေးနှင့် အမျိုးသားရင်ကြားစေ့ရေး သမိုင်းပေးပြဿနာကြီးများအပေါ် နအဖ စစ်တပ် ထိပ်တန်းခေါင်းဆောင်ဖြစ်သူတဦးက ဘယ်လိုမြင်၊ ဘယ်လိုခံစားပြီး ဘယ်လို ဖြေရှင်းဖို့ ဆောင်ရွက်ခဲ့သနည်းဆိုသည့် အချက်ကို သိကောင်း သိနိုင်ဖွယ်ရာရှိသည်ဟူသော အခြေခံရည်ရွယ်ချက်ဖြင့် သည်စာအုပ်ကို တလေးတစား ဖတ်ရှုခဲ့ခြင်း ဖြစ်ပါသည်။ ကျနော့်အဖို့ မျှော်လင့်ချက်ကြီးစွာဖြင့် ဖတ်ခဲ့ပါသည်။

သို့သော် မိမိဘက်မှ တဖက်သတ်ကြိုက်နေသည့် မိန်းမတယောက်က မိမိအား တဖက်သတ် ချိုးနှိမ်သည်ကို မခံချင်သဖြင့် တုံ့ပြန်ချေပရမည်ဟူသော ရည်ရွယ်ချက်တခုတည်းနှင့်သာ တပ်မတော်အတွင်း ဝင်ရောက်ခဲ့ပြီး မိမိတာဝန်ကျရာ နယ်မြေအတွင်း စစ်ရေးတာဝန်များ ထမ်းဆောင်စဉ် ဒေသခံ မိဘပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကိုပါ ထိမ်ချန်ရေးသားခဲ့သူ ဆရာသောင်းဝေဦးထံမှ သို့မဟုတ် စစ်သားဘဝ အမှတ်တရများစာအုပ်မှ ကျနော်မျှော်လင့်သည့် အချက်များကို တစုံတရာ အရိပ်အယောင်မျှပင် ကျနော် မရရှိနိုင်ခဲ့ပါ။

ထို့ကြောင့် သောင်းဝေဦး၏ ‘စစ်သားဘဝ အမှတ်တရများ’ စာအုပ်ထဲမှတဆင့် တပ်မတော်၏ ထိပ်တန်းခေါင်းဆောင်များ၏ တိုင်းပြည်အပေါ်ထားသည့် စိတ်နေစိတ်ထား၊ အတွေးအခေါ် အယူအဆ၊ လက်ရှိ သမိုင်းပေးတာဝန်များနှင့် ပတ်သက်ပြီး မျှော်လင့်ခြင်းကြီးစွာ ကျနော် ထားခဲ့မိ၏။

သည်အတိုင်းဆိုပါက မိန်းမတယောက်အပေါ် ကလဲ့စားချေရန် ရည်ရွယ်ချက် တခုတည်းနှင့်သာ စစ်ထဲဝင်ခဲ့သူ၊ မိမိတာဝန်ကျရာ ကာလအတွင်း ဒေသခံပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ထိမ်ချန်ရေးသားခဲ့သူ သောင်းဝေဦး (ဗိုလ်မှူးကြီးဟောင်း သောင်းဝေ) ထံမှ ကျနော်မျှော်လင့်ခဲ့သည့် မျှော်လင့်ချက်များမှာ ဘယ်လိုနည်းနှင့်မျှ ရလာနိုင်မည် မဟုတ်သည့်အတွက် ကျနော့်မှာ သက်ပြင်းသာ ချလိုက်မိပါသည်။       ။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

စာအုပ်အမည်။    ။ စစ်သားဘဝ အမှတ်တရများ

ရေးသူ         ။    ။ သောင်းဝေဦး

ထုတ်ဝေသူ   ။    ။ ဒေါ်မူမူ (မြရတနာစာပေ)

ထုတ်ဝေခုနှစ် ။    ။ ၂၀၀၃၊ အုပ်ရေ ၃၀၀၀

တန်ဖိုး        ။    ။ ၂၀၀၀ ကျပ်

//
Up