စီရော်နယ်ဒိုဟာ အက်သလက်တီကိုအသင်းဆီ ပြောင်းရွှေ့နိုင်ဟု စပိန်မီဒီယာခန့်မှန်း

မန်ယူနိုက်တက်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ အက်သလက်တီကိုမက်ဒရစ်အသင်းဆီ ပြောင်းရွှေ့လိမ့်မယ်လို့ စပိန်မီဒီယာ Diario AS က ခန့်မှန်းဖော်ပြပါတယ်။
အသက် ၃၇ နှစ်ရှိ ရော်နယ်ဒိုဟာ မန်ယူအသင်းကနေ ထွက်ခွာချင်တယ်လို့ ပြောဆိုထားပြီး အသင်းသစ်ရှာဖွေနေတယ်လို့ ယူဆရပါတယ်။
အသင်းရဲ့ ရာသီကြို အာရှတိုက်ခြေစမ်းခရီးစဉ်မှာလည်း လိုက်ပါခဲ့ခြင်းမရှိတဲ့ ရော်နယ်ဒိုဟာ တစ်ဦးချင်း လေ့ကျင့်မှုတွေပဲ သီးသန့်ပြုလုပ်နေခဲ့တာပါ။ အစောပိုင်းက ချဲလ်ဆီးနဲ့ ဘိုင်ယန်မြူးနစ် အသင်းတွေနဲ့ သတင်းထွက်ပေါ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ မက်ဒရစ်မြို့ဆီပဲပြန်ဖို့ရှိတယ်လို့ စပိန်မီဒီယာကဖော်ပြခဲ့တာပါ။
ရော်နယ်ဒိုဟာ အက်သလက်တီကိုရဲ့ ဒါဘီပြိုင်ဘက် ရီးရဲလ်မက်ဒရစ် အသင်းမှာ ၉ နှစ်ကြာကစားခဲ့သူပါ။
စပိန်မြေမှာ စုစုပေါင်း ၂၉၂ ပွဲမှာ ၃၁၁ ဂိုးအထိသွင်းယူခဲ့ပါတယ်။ ရော်နယ်ဒိုအနေနဲ့ မွေးရပ်မြေကလပ် စပို့တင်းလစ္စဘွန်းကို ပြန်လည်ပြောင်းရွှေ့ကစားမယ်ဆိုတဲ့ သတင်းတွေကတော့ မဟုတ်မှန်ကြောင်း သတင်းတွေကဖော်ပြခဲ့ကြပါတယ်။