close

မြောက်ကိုရီးယား နျူကလီးယားစမ်းသပ်လျှင် အပြင်းအထန်ဒဏ်ခတ်မည်ဟု တောင်ကိုရီးယား သတိပေး

မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်ခဲ့ပါက ဆိုက်ဘာတိုက်ခိုက်မှု စွမ်းရည်ကို တားဆီးဖို့ ရည်ရွယ်တဲ့ အစီအမံတွေ အပါအဝင် ပိုပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ဇူလိုင် ၂၇ ရက်မှာ ပြောလိုက်ပါတယ်။

မြောက်ကိုရီးယားဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး နျူကလီးယားစမ်းသပ်မယ့် အစီအစဉ်တွေ စီစဉ်ပြီးပြီလို့ မေလမှာ သမ္မတဖြစ်လာတဲ့ ယွန်းဆွတ်ခ်ယိုးရဲ့ ထိပ်တန်းသံတမန်အသစ်အဖြစ် တာဝန်ထမ်းဆောင်သူ ပတ်ခ်ဂျင်းက ပြောပါတယ်။

မြောက်ကိုးရီးယားဟာ သူ့ရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေကြောင့် ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှု အမျိုးမျိုးကို ခံနေရပါတယ်။

တကယ်လို့ မြောက်ကိုရီးယားက စမ်းသပ်မှုတွေကို ဆက်လုပ်မယ်ဆိုရင် လုံခြုံရေးကောင်စီဟာ မြောက်ကိုရီးယား ဟက်ကာတွေကို ပစ်မှတ်ထားတဲ့ အစီအမံတွေ အပါအဝင် ပိုမိုအားကောင်းပြီး ပိုနီးနီးကပ်ကပ် ပေါင်းစပ်ထားတဲ့ ဆုံးဖြတ်ချက်တရပ်ကို ချမှတ်နိုင်စရာရှိတယ်လို့ ပတ်ခ်က ပြောခဲ့ပါတယ်။

“တရားမဝင် ဆိုက်ဘာဟက်ကာ လှုပ်ရှားမှုကနေ ရန်ပုံငွေရှာတဲ့ မြောက်ကိုရီးယား အိုင်တီလုပ်သားတွေအတွက် ဒဏ်ခတ်အရေးယူမှုတွေ ပိုမိုခိုင်မာဖို့ လိုအပ်တယ်” လို့ သူက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြောက်ကိုရီးယားဟာ သူ့လက်နက်အစီအစဉ်တွေကို ငွေကြေးထောက်ပံ့ဖို့ ဒစ်ဂျစ်တယ်ငွေကြေး cryptocurrencies အပါအဝင် ရန်ပုံငွေတွေကို ခိုးယူဖို့ ဟက်ကာ ထောင်ပေါင်းများစွာကို စုဆောင်းခဲ့တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ပြောထားပါတယ်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပြီး သူ့ရဲ့ လက်နက်အစီအစဉ်တွေဟာ ကာကွယ်ရေးအတွက်လို့ ပြောခဲ့ပါတယ်။

//
Up