close

ဒီးမော့ဆိုတွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် မိန်းကလေးငယ် ၁ ဦး သေဆုံး၊ ၃ ဦးဒဏ်ရာရ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်နေရာတနေရာမှာ စစ်ကောင်စီတပ်က ပစ်တဲ့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲလို့  အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာ ရှိခဲ့ပါတယ်။

ဇူလိုင် ၃၁ ရက် ညနေ ၅ နာရီခွဲလောက်က ဖရူဆိုမြို့ပေါ်က စစ်ကောင်စီတပ်ကနေပြီး လက်နက်ကြီး ၅ လုံး ပစ်ခဲ့ပြီး ဒီးမော့ဆိုမြို့နယ် တနေရာက စစ်ရှောင်စခန်းကို ကျရောက်ခဲ့တာလို့ မြေပြင်မှာ ဆေးကုသပေးနေတဲ့ဆရာမ တယောက်က  ပြောပါတယ်။

“ဖရူဆိုဘက်က လှမ်းပစ်တယ်လို့ ယူဆရပါတယ်။ ညနေ ၅ နာရီခွဲလောက်က မီးလုံးတွေ ဝဲလာတာ မြင်ရတယ်။ ၂ ဆင့်ကွဲတယ်။ ထိတာက ၄ ယောက်ပေါ့။ ၁၃ နှစ် ကလေးမလေးက ပွဲချင်းပြီး ဆုံးသွားတယ်။ တစ်ယောက်က ခေါင်းထိတယ်။ ကျန်တဲ့ ၂ ယောက်ကတော့ သိပ်မစိုးရိမ်ရဘူး။”

ဒဏ်ရသူတွေကိုတော့ ဆရာဝန်ကြီးတွေရှိနေတဲ့နေရာဆီကို ပို့ပြီး ဆေးကုသပေးနေကြောင်းလည်း ပြောပါတယ်။

စစ်ရှောင်စခန်းအနီးမှာ အခုလို့ မကြာခဏဆိုလို့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ထိခိုက်မှုတွေ ရှိနေသလိုပဲ စစ်ရှောင်ပြည်သူတွေဟာ သွားရင်းလာရင် မိုင်းထိတာတွေ အများအပြား ရှိနေကြောင်းလည်း ဆရာမက ပြောပါတယ်။

“ဆရာမတို့ဆိုလည်း အမြဲဘေးနား ကျနေကျပဲ။ ခုကကျော်ပြီး စစ်ရှောင်ဘက်ထိ ကျသွားပုံရတယ်။ ပြည်သူကို ထိတာဆိုရင် ခု တယောက် ဆုံးတယ်။  သုံးယောက် ထိတယ်။ ရှေ့တခေါက်လည်း တယောက်ဆုံးတယ်၊ နှစ်ယောက် ထိတယ်။ ဒီလတွေထဲပေါ့။  မိုင်းထိတာတွေလည်း ခဏခဏပဲ။ လက်နက်ကြီးကြောင့်ဆို ရှေ့လတွေ အပါဆို ထိတာက ၁၀ ယောက် ကျော်မယ်။ ဆုံးသွားတာက နှစ် ယောက်ပေါ့နော်။”

စစ်အာဏာသိမ်းပြီး တနှစ်ကျော်ကာလအတွင်း ကရင်နီ(ကယား)ပြည်နယ်မှာ ပြည်သူ ၂၆၀ ကျော် သေဆုံးခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင် ၁၀၀ ကျော် သေဆုံးခဲ့ရကြောင့် တိုးတက်သော ကရင်နီပြည်သူအင်အားစုရဲ့ စာရင်းတွေအရ သိရပါတယ်။

ဒါ့အပြင် လူနေအိမ် ၁၀၀၀ ကျော် ပျက်စီးပြီး ဘာသာရေးအဆောက်အအုံ ၁၇ ခု ထက်မနည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီ(ကယား)ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခု မေလကစပြီး တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ရာ ဒီနေ့အထိ လူထု ၂ သိန်းကျော် ထွက်ပြေးတိမ်းရှောင်နေပြီး လူမှုစီးပွားဘဝတွေ ပျက်စီးကုန်ကာ  စားနပ်ရိက္ခာအကူအညီ ဆက်လက်ပံ့ပိုးဖို့ လိုအပ်နေပါတယ်။

//
Up