နန့်စီးအောင် စစ်ဆေးရေးဂိတ်တွင် လူငယ် ၂ ဦး ဖမ်းဆီးခံရ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်စီးအောင် စစ်ဆေးရေးဂိတ်မှာ သြဂုတ် ၃ ရက် မနက်ပိုင်းက လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗန်းမောက်မြို့နယ်ကနေ ကချင်ပြည်နယ်အတွင်းဝင်ရောက်လာပြီး နန့်စီးအောင်ဂိတ်ကို ဖြတ်သန်းစဉ် တယ်လီဖုန်းကို စစ်ဆေးရာမှ ဖမ်းဆီးခံရတာလို့ ဒေသခံတွေက ပြောပါတယ်။
"ကောင်လေး နှစ်ယောက်က ဆိုင်ကယ်နဲ့ ဗန်းမောက် ဘက်ကလာတာ။ ဂိတ်မှာ ဖုန်းကိုစစ်တော့ ဘာတွေတွေ့သွားလဲမသိဘူး။ စစ်သားတွေ၊ ရဲတွေ၊ နောက်ပြီး စရဖက ကောင်တွေက ဖမ်းသွားတာ” လို့ ဂိတ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဂိတ်အတွင်းမှာ ရိုက်နှက်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဧပြီလပိုင်းအတွင်းကလည်း နန့်စီးအောင် စစ်ဆေးရေးဂိတ်မှာ သေနတ်တလက်တွေ့လို့ လူငယ်ဆယ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါသေးတယ်။