ပေါက်မြို့နယ်က ပြည်သူ ၂ ယောက်ကို စစ်ကောင်စီတပ် ဖမ်းဆီး

မကွေးတိုင်း ပေါက်မြို့နယ်မှာ သြဂုတ် ၂ ရက်နေ့ မွန်းလွဲပိုင်းက ဒေသခံပြည်သူ ၂ ယောက်ကို PDF နဲ့ ဆက်နွှယ်တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါင်မြို့နယ် ယာကြီးပြင်ကျေးရွာက ကိုသိုက်မြင့်နဲ့ ကိုဝင်းတိုးကို သြဂုတ် ၂ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ စစ်အုပ်စုတွေက PDF ထောက်ပံ့ပေးသူ/PDF တွေလို့ စွပ်စွဲဖမ်းဆီးသွားတာလို့ ပေါက်မြို့ဒေသခံတစ်ယောက်က ဒီဗွီဘီကိုပြောပါတယ်။

ဖမ်းဆီးခံရတဲ့ သူ ၂ ယောက်အား ပေါက်မြို့မရဲ စခန်းစစ်ကြောရေးကို ပို့ဆောင်လိုက်ပြီး မိသားစုဝင်တွေကိုလည်း တွေ့ဆုံခွင့်မပေးသေးဘဲ စစ်ကြောရေးလုပ်နေတယ်လို့ ဆိုပါတယ်။
“တကယ်တော့ စစ်(...)တွေက ခေတ်ပျက်ထဲမှာ စီးပွားရှာနေကြတာဗျ။ နည်းနည်း ငြိတာနဲ့ တန်းဖမ်းတော့တာ။ ငွေနဲ့လိုက်ရင် ပြန်လွှတ်ပေးပြီး ငွေမပေးနိုင်သူတွေကိုတော့ စစ်ကြောရေးနဲ့ ထောင်ကိုပို့ကြတယ်” လို့ ဒေသခံက ပြောပါတယ်။
စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ သြဂုတ်လ ၃ ရက်နေ့အထိ နိုင်ငံတဝန်း မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၁၈၇၃ ယောက်ရှိပြီး အဲဒီထဲက ၁၃၆၆ ယောက် ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က သြဂုတ် ၃ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။