အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် ဖိလစ်ပိုင်သမ္မတ နှစ်နိုင်ငံပူးတွဲကာကွယ်ရေး ဆွေးနွေး

အမေရိကန်နဲ့ ဖိလစ်ပိုင်ဆက်ဆံရေးဟာ ထူးကဲကောင်းမွန်ပြီး နှစ်နိုင်ငံ ပူးတွဲကာကွယ်ရေး သဘောတူညီချက်အတွက် အမေရိကန်အစိုးရက အာမခံ ကတိပြုတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဖိလစ်ပိုင် သမ္မတအသစ် ဖာဒီနန် မားကို့စ် ဂျူနီယာကို သြဂုတ် ၆ ရက်က ပြောပါတယ်။
ဖိလစ်ပိုင်မြို့တော် မနီလာက သမ္မတ အိမ်တော်မှာ ဘလင်ကန်နဲ့ တွေ့ချိန် မားကို့စ်က လက်ရှိ ပထဝီဝင်နိုင်ငံရေး ပတ်ဝန်းကျင်မှာ သူတို့ကြား ဆက်ဆံရေးက ဘယ်လောက် အရေးကြီးကြောင်း ပြခဲ့တယ်၊ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပေလိုစီရဲ့ ထိုင်ဝမ် ခရီးစဉ်ဟာ ဒေသတွင်း မတည်ငြိမ်မှုတွေကို မီးမောင်းထိုးပြခဲ့တယ်လို့ ပြောခဲ့ပါတယ်။
မားကို့စ်က ယူကရိန်း ပဋိပက္ခ အကြောင်းပြောရင်း မြေပြင် ပထဝီဝင် အကွာအဝေး ဘယ်လောက် ကြီးပေမယ့် ဖြစ်ရပ်တွေက သိသိသာသာ အရေးပါတယ်လို့ ပြောပါတယ်။
ဘလင်ကန်ဟာ ဆက်ဆံရေးမြှင့်တင်ဖို့ အရင်က အမေရိကန်ကိုလိုနီဖြစ်ခဲ့တဲ့ ဖိလစ်ပိုင်ဆီကို တရားဝင် လာရောက်လည်ပတ်နေတာပါ။
မားကို့ဟာ မေလက သမ္မတရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့နောက် မကြာမီ တရုတ်နိုင်ငံ၊ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ဆက်ဆံရေးကို ချဲ့ထွင်မယ့် သူ့ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။