ဖင်လန်နှင့် ဆွီဒင် နေတိုးအဖွဲ့ဝင်ရောက်မည့် ထောက်ခံစာကို သမ္မတဘိုင်ဒင် လက်မှတ်ထိုး

ဖင်လန်နဲ့ ဆွီဒင်တို့ နေတိုးအဖွဲ့ထဲ ဝင်ရောက်မယ့် ထောက်ခံစာတွေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ သြဂုတ် ၉ ရက်က လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဘိုင်ဒင်ဟာ အဲဒီ ၂ နိုင်ငံကို ကြိုဆိုပေးတဲ့ အတည်ပြုချက် စာရွက်စာတမ်းတွေကို လက်မှတ်ရေးထိုးလိုက်တာဖြစ်ပြီး ဒါဟာ အမေရိကန်ပြည်ထောင်စုရဲ့ သူတို့ကို အသိအမှတ်ပြုမှုအတွက် နောက်ဆုံးအဆင့်လည်း ဖြစ်ပါတယ်။
“ဒီနေ့ကမ္ဘာနဲ့ မနက်ဖြန်ကမ္ဘာအတွက် နေတိုးဟာ မရှိမဖြစ်လိုအပ်တဲ့ မဟာမိတ်ဖြစ်တယ် ဆိုတာ ဒီကနေ့ ရှင်းရှင်းလင်းလင်း မြင်လိုက်ကြရပါပြီ။ ကျနော်တို့ရဲ့ မဟာမိတ်က အရင်ကထက် ပိုနီးကပ်လာကြပြီ။ ဖင်လန်နဲ့ ဆွီဒင်တို့ကြောင့် မဟာမိတ်အရေအတွက် ၃၂ နိုင်ငံ ဖြစ်လာတဲ့အခါ အရင်ကထက် ပိုအားကောင်းလာပြီး အရင်ကထက် ပိုစည်းလုံးလာကြပြီ” လို့ သမ္မတ ဘိုင်ဒင်က ပြောကြားခဲ့ပါတယ်။
ဆွီဒင်နဲ့ ဖင်လန်တို့ဟာ ဖေဖော်ဝါရီ ၂၄ ရက်က ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်မှုကို တုံ့ပြန်တဲ့အနေနဲ့ နေတိုးအဖွဲ့ဝင်အဖြစ် လျှောက်ထားခဲ့တာဖြစ်ပြီး မော်စကိုက နေတိုး မဟာမိတ်မဖွဲ့ဖို့ နှစ်နိုင်ငံစလုံးကို အကြိမ်ကြိမ် သတိပေးခဲ့တာပါ။
နေတိုးမဟာမိတ် နိုင်ငံ ၃၀ လုံးဟာ ဆွီဒင်နဲ့ ဖင်လန်အတွက် ပါဝင်ခွင့်ဆိုင်ရာ ပရိုတိုကောကို ပြီးခဲ့တဲ့လက လက်မှတ်ရေးထိုးခဲ့ပြီး အဖွဲ့ဝင်နိုင်ငံအားလုံးက ဆုံးဖြတ်ချက်ကို အတည်ပြုပြီးတာနဲ့ နျူကလီးယားလက်နက်ကိုင် မဟာမိတ်အဖွဲ့မှာ ပါဝင်ခွင့်ပြုခဲ့တာပါ။
မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး) က မဟာမိတ်တဦးကို တိုက်ခိုက်တာဟာ အားလုံးကို တိုက်ခိုက်တာဖြစ်ကြောင်း ကာကွယ်ရေးအပိုဒ် ပုဒ်မ ၅ အရ ဖင်လန်နဲ့ ဆွီဒင်တို့ကို အကာအကွယ် မပေးနိုင်သေးခင် နေတိုးအဖွဲ့ဝင်နိုင်ငံ အားလုံးရဲ့ လွှတ်တော်တွေကနေ လက်မှတ်ရေးထိုး အတည်ပြုရဦးမှာ ဖြစ်ပါတယ်။
ကနေဒါ၊ ဂျာမနီနဲ့ အီတလီ အပါအဝင် နိုင်ငံအနည်းငယ်က ပါဝင်ခွင့်ပြုထားပေမဲ့ ဝင်ခွင့်အတည်ပြုချက်က ၁ နှစ်လောက်အထိ ကြာမြင့်နိုင်ပါတယ်။
အမေရိကန် အထက်လွှတ်တော်မှ ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ်တွေဟာ ပြီးခဲ့တဲ့အပတ်က ထောက်ခံမဲ ၉၅ မဲ၊ ကန့်ကွက်မဲ ၁ မဲတို့နဲ့ အဖွဲ့ဝင် တိုးချဲ့လက်ခံမှုကို ထောက်ခံခဲ့ပြီး နော်ဒစ် ၂ နိုင်ငံအတွက် အဖွဲ့ဝင်အဖြစ် အခိုင်အမာ အတည်ပြုခဲ့ပါတယ်။