ကိုဗစ်တိုက်ဖျက်ရေးတွင် အောင်ပွဲခံကြောင်း ကြေညာခဲ့သည့် ကင်မ်ဂျုံအန်း အဖျားရောဂါ ခံစားနေရ

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ သူ့နိုင်ငံရဲ့ ကိုဗစ်-၁၉ တိုက်ဖျက်ရေးမှာ အောင်ပွဲခံကြောင်း သြဂုတ် ၁၀ ရက်က ကြေညာခဲ့ပြီးနောက်မှာ ခေါင်းဆောင် ကင်မ်ဟာ အဖျားရောဂါ လက္ခဏာတွေ ခံစားနေရတယ်လို့ ညီမဖြစ်သူ ကင်မ်ယိုဂျွန်းက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
ကင်မ်ယိုဂျွန်းဟာ ကင်မ်ဂျုံအန်းရဲ့ ကျန်းမာရေးကို အသေးစိတ်မဖော်ပြပေမဲ့ နယ်စပ်အနီးမှာ တွေ့ရှိရတဲ့ တောင်ကိုရီးယားဘက်က ဝါဒဖြန့်စာစောင်တွေကြောင့် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားရတာလို့ အပြစ်တင်ထားပါတယ်။
သူဟာ ပထမဆုံးအကြိမ် ဗိုင်းရပ်စ် ကူးစက်ခံရဖွယ်ရှိကြောင်း ညွှန်ပြနေပြီး ဗိုင်းရပ်စ်ကူးစက်မှုကို ဖြစ်စေတဲ့ တောင်ကိုရီးယားကို သေစေလောက်အောင် လက်တုံ့ပြန်မှာ ဖြစ်ကြောင်းလည်း ကတိပြုခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့က အခန်းထဲမှာ နှာခေါင်းစည်းတွေ မဝတ်ဆင်ထားတဲ့ ထောင်နဲ့ချီတဲ့ အရာရှိတွေနဲ့အတူ တွေ့ဆုံစည်းဝေးနေတဲ့ ကင်မ်က မေလတုန်းက ချမှတ်ထားတဲ့ ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် အမြင့်ဆုံးအစီအမံတွေကို ရုပ်သိမ်းဖို့ အမိန့်ထုတ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က သြဂုတ် ၁၁ ရက်မှာ ဖော်ပြခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ သူ့နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်သူ ဘယ်လောက်ရှိတယ် ဆိုတာကို ဘယ်တုန်းကမှ အတည်မပြုထားပါဘူး။ အဲဒီအစား နေ့စဉ် ဖျားနာသူစာရင်း စုစုပေါင်း ၄ ဒသမ ၇၇ သန်းခန့်ရှိကြောင်းသာ ထုတ်ပြန်ထားပြီး ဇူလိုင် ၂၉ ရက်ကစပြီး ရောဂါကူးစက်မှုအသစ် မတွေ့ရသေးပါဘူး။ ဒါ့အပြင် ဘာကာကွယ်ဆေး ဆိုတာကိုလည်း မသိရသေးပေမဲ့ ပြုံယမ်းက ကိုဗစ်တိုက်ဖျက်ရေးမှာ အောင်ပွဲခံကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။