ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်ရေး ကတိပြုထားဟု သမ္မတပြော

ထိုင်ဝမ်ကျွန်းဟာ ထိုင်ဝမ်ရေလက်ကြားမှာ လက်ရှိအနေအထားအတိုင်း တည်ငြိမ်နေစေဖို့ ကတိပြုထားတယ်လို့ ထိုင်ဝမ်သမ္မတ ချိုက်အင်းဝမ်က သြဂုတ် ၁၅ ရက်မှာ အလည်အပတ် ရောက်နေတဲ့ အမေရိကန်လွှတ်တော်အမတ်တွေကို ပြောပါတယ်။
ဩဂုတ်လအစောပိုင်းက အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပေလိုစီရဲ့ ခရီးစဉ်အပြီး အထက်လွှတ်တော်အမတ် အဒ်မာကီ ဦးဆောင်တဲ့ အမေရိကန်လွှတ်တော်အမတ် ငါးဦးဟာ ဒုတိယအဆင့်မြင့်အဖွဲ့အနေနဲ့ သြဂုတ် ၁၄ ရက်နှောင်းပိုင်းမှာ တိုင်ပေမြို့ကို ရောက်လာခဲ့တာပါ။
တရုတ်ပြည်မကြီးအစိုးရက ထိုင်ဝမ်ရေလက်ကြားနဲ့ ဒေသထဲမှာ စစ်ရေးလေ့ကျင့်နေလို့ တင်းမာမှုတွေ မြင့်တက်လာချိန်မှာ မာကီ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ထိုင်ဝမ်ကို အလည်အပတ် လာရောက်တာဟာ အမေရိကန်လွှတ်တော်ရဲ့ ထိုင်ဝမ်ဘက်ကို အခိုင်အမာ ထောက်ခံမှုကို ပြသလိုက်တာလို့ ထိုင်ဝမ်သမ္မတရုံးက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်-တိုင်ပေ ဆက်ဆံရေး၊ ဒေသတွင်းလုံခြုံရေး၊ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု၊ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်တွေ၊ ရာသီဥတု ဖောက်ပြန်မှုနဲ့ တခြား အကျိုးစီးပွားဆိုင်ရာ အရေးပါတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်ဝမ် ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့ အမေရိကန်သံရုံးက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။