တောင်ကိုရီးယားသမ္မတ ပါးစပ်ပိတ်ထားသင့်ဟု မြောက်ကိုရီးယားပြော

နျူလက်နက်ဖျက်သိမ်းရေးအတွက် စီးပွားရေး အကူအညီတွေနဲ့ အလဲအလှယ်လုပ်မယ်လို့ ပြောကြားခဲ့တဲ့ တောင်ကိုရီးယားသမ္မတအား ပါးစပ်ပိတ်ထားဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ သြဇာကြီးတဲ့ ညီမ ကင်မ်ယိုဂျုံက သြဂုတ် ၁၉ ရက်မှာ ပြောလိုက်ပါတယ်။
ဒါဟာ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးအပေါ် မြောက်ကိုရီးယား ထိပ်ပိုင်း တာဝန်ရှိပုဂ္ဂိုလ်တယောက်ကနေ ပထမဆုံး တိုက်ရိုက်မှတ်ချက်ပေးတဲ့စကား ဖြစ်ပါတယ်။
တောင်ကိုရီးယားသမ္မတ ယွန်းဟာ မေလတုန်းက တကြိမ်၊ ဩဂုတ် ၁၇ ရက် သူ့ရဲ့ သမ္မတသက်တမ်း ရက် ၁၀၀ သတင်းစာရှင်းလင်းပွဲမှာ တကြိမ်၊ သူ့ရဲ့ ရဲတင်းတဲ့ မြောက်ပိုင်း နျူနဲ့ တောင်ပိုင်းအကူအညီကို အလဲအလှယ်လုပ်မယ့် အစီအစဉ်အကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
“တခြား စကားကောင်း ပြောစရာမရှိလို့ အဓိပ္ပာယ်မဲ့စကားတွေ ပြောနေတာထက်စာရင် သူ့ပုံရိပ်အတွက် သူ့ပါးစပ်ပိတ်ထားတာကမှ ပိုကောင်းနေဦးမယ်” လို့ နိုင်ငံပိုင်သတင်းဌာန KCNA က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ကင်မ်ယိုဂျုံက ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ ဂုဏ်အသရေနဲ့ နျူကလီးယားလက်နက်တွေအတွက် တောင်ကိုရီးယားရဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို အရောင်းအဝယ်လုပ်နိုင်မယ်လို့ ထင်နေတာကိုက သိပ်ရိုးရှင်းလွန်းပြီး ကလေးဆန်ပုံပဲလို့ သမ္မတ ယွန်းကို ပြောဆိုခဲ့တာပါ။
တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ကင်မ်ယိုဂျုံရဲ့ ပြောကြားချက်အပေါ် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး “ရိုင်းစိုင်းတဲ့အသုံးအနှုန်းနဲ့ ကျနော်တို့ရဲ့ အယူအဆကို ပုံပျက်စေတယ်” လို့ ပြောဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားရဲ့ သဘောထားဟာ အထီးကျန်မှုကို ပိုမိုဆိုးရွားစေပြီး သူတို့ရဲ့ စီးပွားရေး အခြေအနေကို ပိုမိုဆိုးရွားစေနိုင်ကြောင်းလည်း ပြောသွားပါတယ်။