close

အိန္ဒိယနိုင်ငံ၏ ပထမဆုံး ပြည်တွင်းထုတ် လေယာဉ်တင်သင်္ဘော INS ဗစ်ခရမ်

အိန္ဒိယရဲ့ ပထမဆုံးပြည်တွင်းမှာ တည်ဆောက်ထားတဲ့ လေယာဉ်တင်သင်္ဘောကို တာဝန်ပေးအပ်ဖို့ ပြင်ဆင်နေပြီး ဒီတည်ဆောက်မှုဟာ နိုင်ငံအတွက် မှတ်တိုင်တခုဖြစ်တယ်လို့ အိန္ဒိယတောင်ပိုင်း ရေတပ်ကွပ်ကဲရေးမှူး ရေတပ်ဒုဗိုလ်ချုပ် ဟမ်ပီဟိုလီက ပြောပါတယ်။

ဌာနေရေတပ်သင်္ဘော INS ဗစ်ခရမ်ဟာ ဒီဇိုင်းစဆွဲပြီးတဲ့နောက် ဆယ်စုနှစ် နှစ်ခုကျော်အကြာ စက်တင်ဘာ ၂ ရက်မှာ စတင် ပြေးဆွဲမှာပါ။

“ဗစ်ခရမ်ဟာ ကျနော်တို့ကို လေယာဉ်တင်သင်္ဘောတွေ ဒီဇိုင်းဆွဲတည်ဆောက်နိုင်တဲ့ နိုင်ငံတချို့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ နိုင်ငံတခုအနေနဲ့ သမိုင်းဝင်စေတယ်” လို့ ၂၆၂ မီတာရှည်တဲ့ သင်္ဘောကုန်းပတ်ပေါ်ကနေ ဟမ်ပီဟိုလီက ပြောပါတယ်။

INS ဗစ်ခရမ်ဟာ တန်ချိန် ၄၅,၀၀၀ အလေးချိန်ရှိပြီး ဝန်ထမ်းပေါင်း ၁,၅၀၀ ဆန့်တဲ့ အိန္ဒိယမှာ တည်ဆောက်ခဲ့သမျှ အကြီးမားဆုံးသင်္ဘော ဖြစ်လာတာပါ။

ဟမ်ပီဟိုလီက “သင်္ဘောမှာသုံးထားတဲ့ သံမဏိပမာဏက အီဖယ်မျှော်စင်လေးခုလုပ်ဖို့ လုံလောက်တယ်” လို့လည်း ပြောပါတယ်။

သင်္ဘောရဲ့ ကေဘယ်ကြိုးဟာ ကိုချီမြို့ကနေ ဒေလီမြို့တော်ထိ အကွာအဝေးဖြစ်တဲ့ ကီလိုမီတာ ၂,၄၀၀ လောက် ရှည်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

တာဝန်ပေးပြီးတာနဲ့ ဒီသင်္ဘောဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးတာ၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကူညီပေးတာတွေအပြင် သူ့ရဲ့ စစ်ဘက်ဆိုင်ရာစွမ်းရည်တွေ အပါအဝင် အခန်းကဏ္ဍအမျိုးမျိုးကို တာဝန်ထမ်းဆောင်မှာပါ။

စစ်သင်္ဘောဟာ ရုရှားလုပ် INS ဗစ်ခရာမာဒစ်တီမှာ လက်ရှိ တာဝန်ယူနေတဲ့ MiG-29k အပါအဝင် အနည်းဆုံး လေယာဉ်အစင်း ၃၀ သယ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။

INS ဗစ်ခရမ်မှာ တိုက်ခိုက်မှုအကွာအဝေး ၁,၅၀၀ ကီလိုမီတာရှိပြီး အင်ဒို-အစ္စရေး မြေပြင်ကနေ ဝေဟင်ပစ်ဒုံးကျည် ၆၄ စင်း၊ ဘားရတ်-၈ နဲ့အတူ OTO မေလာရာ ၇၆ mm ရေတပ်သေနတ်လေးလက်နဲ့ AK ၆၃၀ ပွိုင့် ကာကွယ်ရေးစနစ် သေနတ်လေးလက်တို့လည်း တပ်ဆင်ထားပါတယ်။

//
Up