close

ပြည်ပတွင် တရားရင်ဆိုင်ရန် မူးယစ်မှောင်ခိုသမားများကို မလွှဲအပ်ဟု ကိုလံဘီယာ သမ္မတ ပြော

အစိုးရဆီ လက်နက်ချတဲ့ အခြေအနေတွေကို လိုက်နာပြီး မူးယစ်ကုန်သွယ်မှုကနေ ထွက်ခွာလိုက်တဲ့ မူးယစ်ဆေးဝါး မှောင်ခိုသမားတွေကို ပြည်ပမှာ တရားရင်ဆိုင်ဖို့အတွက် နိုင်ငံခြားကို လွှဲအပ်မှာမဟုတ်ကြောင်း ကိုလံဘီယာသမ္မတ Gustavo Petro က သြဂုတ် ၂၄ ရက်မှာ ပြောကြားခဲ့ပါတယ်။

ကိုလံဘီယာကို ‘လုံးဝငြိမ်းချမ်းရေး’ ဆောင်ကြဉ်းပေးမယ်ဆိုတဲ့ ကတိတွေနဲ့ အခုလမှာ ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ Petro က သူ့အစိုးရဟာ တိုင်းပြည်ရဲ့ အကျပ်အတည်းကနေ လွတ်မြောက်ရေး ညှိနှိုင်းလိုတဲ့ လက်နက်ကိုင်အဖွဲ့အစည်း အမျိုးမျိုးနဲ့ အဆက်အသွယ်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

ရာဇဝတ်မှုတွေအတွက် အစွမ်းထက် အဟန့်အတားတခုအဖြစ် ဝါရှင်တန်က ယူဆထားတဲ့ တရားခံလွှဲပြောင်းရေးရဲ့ ထိရောက်မှုကို လက်ဝဲဝါဒီ Petro က ကျယ်ကျယ်ပြန့်ပြန့် မေးခွန်းထုတ်ခဲ့ပါတယ်။

သူ့အစိုးရဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုဆိုင်ရာ အချက်အလက်တွေကို ပံ့ပိုးပေးပြီး လက်နက်ချတဲ့ ရာဇဝတ်ဂိုဏ်းဝင်တွေကို ပြစ်ဒဏ်လျှော့ပေါ့ပေးတဲ့ ဥပဒေအကျိုးခံစားခွင့်တွေ ကမ်းလှမ်းထားပါတယ်။

“ပြည်နယ်အစိုးရနဲ့ မညှိနှိုင်းတဲ့ မူးယစ်ဆေးဝါး မှောင်ခိုသမားတွေကို ပြည်ပကို လွှဲအပ်မှာဖြစ်ပြီး ညှိနှိုင်းပြီးတော့မှ ပြန်ကျူးလွန်သူတွေကိုတော့ ဘာညှိနှိုင်းမှုမှ မလုပ်တော့ဘဲ အမေရိကန်ပြည်ထောင်စုကို လွှဲပေးလိုက်မှာဖြစ်ကြောင်း” အလည်အပတ်ရောက်ရှိနေတဲ့ စပိန်သမ္မတ Pedro Sanchez နဲ့ တွေ့ဆုံအပြီးမှာ Petro က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

တွေ့ဆုံမှုအတွင်း Sanchez က သူ့နိုင်ငံဟာ FARC သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ကိုလံဘီယာရဲ့ ကြိုးပမ်းမှုတွေကို ဆက်လက်ထောက်ခံပြီး တက်ကြွသော အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ELN) သူပုန်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်လည်စတင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

စပိန်ဟာ ELN ဆွေးနွေးပွဲကျင်းပမယ့်နေရာ ဖြစ်လာနိုင်ကြောင်း ဆန်းချက်ဇ်က ပြောကြားခဲ့ပါတယ်။

ဘယ်နေရာမှာလုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်မှန်သမျှကို သူပုန်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်လို့ Petro က ပြောကြားခဲ့ပါတယ်။

//
Up