ဖက်ဆစ်တော်လှန်ရေး

အဘစောမူးသာတို့အိမ်ကို မနက်ပိုင်းရောက်တော့ ကောက်ညှင်းငချိတ်ပေါင်းနဲ့ နှမ်းထောင်းနဲ့ တဲ့တဲ့တိုးပါ၏။ ဘေးမှာလည်း ငါးပိဖုတ်ကို ဆီဆမ်းထားတဲ့ ပန်းကန်ငယ်လေးတခု။
“စားဟ ဖေကြီးရ . . . မင့်အဘ တပ်ကြပ်ကြီးလုံးတုံး ကောက်ညှင်းယူလာပြီး ကိုယ်တိုင်ပေါင်းကျွေးတာကွ”
“အဘလုံးတုံးက ဒါလည်းရတာပဲလား”
“ဟားဟား ဟားဟား ဟားဟား . . . ဒါတင်ဘယ်ကမလဲ ဖေကြီးရာ . . ‘ပြန်ပေါင်း’ ပါ ကောင်းကောင်း ပေါင်းတတ်သေးသကွ”
“ ‘ပြန်ပေါင်း’ လည်း ကျနော်ကြိုက်သဗျ”
“အေးပါ ဖေကြီးရာ . . . နောက်တခါ ဒီရွာကိုလာရင် ‘ပြန်ပေါင်း’ ပေါင်းကျွေးပါအုံးမယ်ကွာ”
စစ်ပြန် အဘ တပ်ကြပ်ကြီးလုံးတုံးဟာ ‘စွယ်စုံရ’ ပါလား ခင်ဗျ။ မြန်မာပြည်အနှံ့က တပ်တွေမှာ နေခဲ့ဖူးတယ်၊ တပ်ရင်းစားဖိုဆောင်တွေမှာလည်း နေဖူးပါသတဲ့။ မေမြို့က စစ်တက္ကသိုလ်မှာလည်း တာဝန်ထမ်းဆောင်ဖူးပြီး အဲသည် စစ်တက္ကသိုလ်မှာ တာဝန်ကျတုန်းက ကြုံတွေ့ခဲ့ရတဲ့ ဇာတ်လမ်းတွေကို တနေ့ကျ ပြောပြအုံးမတဲ့။
ဒီကနေ့မနက် စကားဝိုင်းကတော့ ‘ဖက်ဆစ်တော်လှန်ရေး’ ကာလဆီက အကြောင်းအရာတွေ ခင်ဗျ။ ပြည်သူလူထုကို ရက်ရက်စက်စက် ဒုက္ခပေးပြီး လူမဆန်စွာ ညှဉ်းပန်း ဖိနှိပ် သတ်ဖြတ်ခဲ့ကြတဲ့ ‘ဖက်ဆစ်တပ်’ ကို လူထုက ဘယ်လောက်အထိမုန်းပြီး ဘယ်လောက်အထိ ရွံရှာစက်ဆုပ်ကာ ဘယ်လောက်အထိ တုံ့ပြန်ခဲ့ကြသလဲဆိုတဲ့ အံ့သြထိတ်လန့်ဖွယ်ရာ ဇာတ်လမ်းတွေပေါ့။
“ ‘ဖက်ဆစ်တွေ’ ကို တော်တော်ကြီးကို နာကြည်းခဲ့ကြတာကွ”
“အေးပေါ့ လုံးတုံးရာ . . . တိုင်းတပါးကလာပြီး လူပါးဝတဲ့ ဖက်ဆစ်ဖြစ်ဖြစ်၊ ပြည်တွင်းဖြစ် လူပါးဝလွန်းတဲ့ ဖက်ဆစ်ဖြစ်ဖြစ် နောက်ဆုံးမှာ ‘လူထုအား’ ကို မတွန်းလှန်နိုင်ဘဲ ကျိန်းသေကို ကျဆုံးကြရမှာ မလွဲကွ”
အဘစောမူးသာနှင့် အဘလုံးတုံးတို့ ပြောပြကြတဲ့ ‘ဖက်ဆစ်ဇာတ်လမ်း’ များစွာထဲမှ တခုမှာ သည်းထိတ်ရင်ဖိုပါ။
“ ‘ဂျပန်ခေတ်’ တုန်းကပေါ့ကွာ . . . အဲသည် ဖက်ဆစ်ကောင်တွေက အခုကောင်တွေ ခေတ်သစ်ဖက်ဆစ်တွေလိုပဲ . . . လူတွေကို မတရားဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်၊ ပစ္စည်းဥစ္စာတွေကို သိမ်းယူ၊ မိန်းမတွေကို မုဒိမ်းကျင့်၊ ရွာတွေကို မီးရှို့ပြာချ . . . ထင်တိုင်းကြဲခဲ့ကြတာပေါ့”
“လုံးတုံးပြောသလိုပဲကွ ဖေကြီးရ၊ နောက်ဆုံးတော့ လူတွေက ဒီအတိုင်းကြီး ငုံ့ခံမနေနိုင်ကြတော့ဘဲ ရရာလက်နက်ဆွဲကိုင်ပြီး အခုလိုပဲ ပြောက်ကျားနည်းတွေနဲ့ တွန်းလှန်ခဲ့ကြတော့တာပေါ့ကွ”
တခါတော့ စားရေရိက္ခာ လုံးဝပြတ်လတ်ပြီး ဆုတ်ခွာပြေးရှောင်လာတဲ့ ဖက်ဆစ်ဂျပန် တပ်စုတစုဟာ ရွာတရွာအနီးက တောအုပ်ကလေးထဲမှာ နားနေကြတုန်း လေးငါးရှစ်နှစ်အရွယ် ကလေးသုံးလေးယောက် လောက်လေးခွလေးတွေနဲ့ တောအုပ်ထဲကို ဖြတ်လာတာလည်း မြင်ရော သိပ်ဝမ်းသာသွားကြပါသတဲ့။
ကလေးတွေကို ဂျပန်လိုတွေလည်းပြော၊ လက်ဟန်ခြေဟန် အမူအရာတွေနဲ့လည်း ပြတဲ့ခင်ဗျ။ သူတို့ဗိုက်တွေကို ပုတ်ပြတယ်၊ ပြီးတော့ လက်တွေခါပြတယ်၊ လက်ချောင်းတွေကိုစုပြီး ပါးစပ်ကို တေ့ပြကြတယ်၊ ပြီးတော့ တခါ လက်တွေခါပြကြပြန်ပါတယ် တဲ့။
ကလေးတွေက နားလည်ကြတယ်။ ဖက်ဆစ်ကောင်တွေက အဲသလိုပဲ ဆက်ပြီး လက်ဟန်ခြေဟန်တွေနဲ့ “ကလေးတို့ ရွာထဲပြန်ပြီး စားစရာတွေ ယူခဲ့ပေးပါ။ ယူလာရင် ဟောသည်အိတ်ကပ်ထဲက ဖောင်တိန်တွေ ဟောသည်လက်က နာရီတွေ မင်းတို့ကို ပေးမယ် . . . . ရွာကလူတွေကိုတော့ ဘယ်သူမှ မသိစေနဲ့ . .” ဘာညာပေါ့ တဲ့။
“ကလေးတွေလည်း ဟိုး ခပ်လှမ်းလှမ်းက သူတို့ရွာဘက် ပြန်ပြေးသွားကြတာပေါ့ကွ”
တော်တော်လေးလည်းကြာရော အဲသည်ကလေးတွေ ပြန်ရောက်လာကြတဲ့အခါ ဖက်ဆစ်ငပုကောင်တွေဆိုတာ ပျော်လွန်းလို့တဲ့ဗျာ၊ အိတ်ကပ်ထဲက ဖောင်တိန်တွေဖြုတ်ပေး၊ လက်ပတ်နာရီအချို့ ဖြုတ်ပေးပေါ့။
ကလေးတွေ နှီးနဲ့သီပြီး ဆွဲလာတဲ့ ‘အသားတွဲ’ တွေကို ဘက်နက်တွေနဲ့လှီးပြီး ခုတ်ထစ်ပြီး ဟန်းကောချိုင့်တွေထဲထည့်၊ ရေဘူးထဲက ရေတွေ လောင်းထည့်ပြီး မီးမွှေးကာ ပြုတ်ပြီး အားရပါးရကြီးကို မြိန်ရေယှက်ရေကြီးကို စားကြပါသတဲ့။ ကလေးတွေကိုလည်း စားကြပါလို့ ပြောပေမဲ့ ကလေးတွေက ဝင်ပြီးမစားကြပါဘူးတဲ့။
“အသားပြုတ်တွေကို အားပါးတရကြီး ကိုက်ဖဲ့ဝါးမျို စားသောက်ပြီးလို့ သူတို့ ခရီးဆက်ကြတဲ့အခါ ကလေးတွေက ရွာဘက်ပြန်ပြေးသွားကြတာပေါ့”
“အင်း . . .”
“အဲသည် ဖက်ဆစ်ကောင်တွေက တော်လှန်ရေးတပ်သားတွေ ရှိနေနိုင်တဲ့ ရွာတွေထဲကို မဖြတ်ရဲဘဲ အဲသလိုပဲ တောအုပ်လျှိုမြောင်တွေထဲကနေ ပုန်းရှိုးကွယ်ရှိုး ဖြတ်နေရင်းနဲ့ နောက်ထပ် တောအုပ်တခုထဲကို ရောက်တဲ့အခါ အဲသည်ကောင်တွေအကုန်လုံး တဝေါ့ဝေါ့နဲ့ ထိုးပြီး ‘အန်’ ကုန်ကြပါရောတဲ့ကွ”
ဖေကြီးစိတ်ထင်တော့ ဒီကောင်တွေ ‘အဆိပ်’ မိတာဖြစ်ရမယ်။ ခုနက ကလေးတွေ သယ်ယူလာတဲ့ အသားတွေဟာ အဆိပ်တွေလူးထားတဲ့ အသားတွေ ဖြစ်ရမယ်ပေါ့။
“ ‘အဆိပ်’ က ‘ပြင်း’ ပုံပဲနော် အဘ”
“အေးကွ . . . သိပ်ပြင်းတဲ့ ‘အဆိပ်’ ပါဗျား . . . ဟားဟား ဟားဟား ဟားဟား”
“ဟားဟား ဟားဟား ဟားဟား . . .”
ပြောပြနေရင်းကနေ အဘစောမူးသာကော အဘလုံးတုံးပါ ပြိုင်တူ ထရယ်ကြပါလေ၏။
“သိပ်ကို ‘ပြင်း’ တဲ့ ‘အဆိပ်’ ကွ”
“ ‘ဖက်ဆစ်’ ကို သိပ်မုန်းတဲ့ လှည်းနေလှေအောင်း မြင်းဇောင်းထဲက အရွယ်ရောက်ပြီးသူတွေနဲ့ တကွ ကလေးသူငယ်တွေပါမကျန် ‘ပြည်သူလူထု’ ရဲ့ ရင်ထဲက ‘အဆိပ်’ ဟာ ကြောက်စရာပေါ့ကွာ”
ဖေကြီးတွေးထင်ထားသည်နှင့်ကား တခြားစီ ဖြစ်ခဲ့ပါလေ၏ ခင်ဗျာ။ ကလေးတွေ ယူလာပေးသည့် အသားတွဲတွေထဲမှာ လူ၏အသက်ကို သေစေနိုင်အောင်အထိ ဖော်စပ်ထားသော မည်သည့်အဆိပ်မျှ မပါပါ။
“အဲသည် လူရမ်းကား ဖက်ဆစ်ကောင်တွေ အဲသည် နောက်ထပ်ရောက်ရှိတဲ့ တောအုပ်ထဲမှာ ရုတ်တရက်တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် ထိုး ‘အန်’ ကုန်ကြတာကွ”
“သူတို့တွေက ဘာတွေ မြင်လိုက်ကြလို့လဲ”
အဲသည်တောအုပ်ထဲမှာ သူတို့မြင်လိုက်ကြတာကတော့ သူတို့နဲ့ လူစုကွဲပြီး အရင်ရောက်နှင့်နေတဲ့ ဖက်ဆစ်ဂျပုကောင်တွေ သုံးလေးယောက်ကိုပါတဲ့။ ဟုတ်ကဲ့ . . . အသက်ရှင်လျက်တော့ မဟုတ်ကြဘဲ မြေကြီးပေါ်မှာ ပိုးလိုးပက်လက် လဲလျောင်းကာ သွေးရဲရဲ သံရဲရဲ ယင်ကောင်တွေဝဲလို့ ဘဝတပါးကို ကူးပြောင်းသွားကြရှာတဲ့ အလောင်းကောင်တွေပါ တဲ့။
ထူးခြားတာကတော့ အဲသည် အသက်မရှူတော့တဲ့ အသေကောင် ဖက်ဆစ်ဂျပုတွေရဲ့ ကိုယ်ခန္ဓာ နေရာအနှံ့မှာ အသားတွေမရှိကြတော့ဘဲ သိပ်မကြာခင်အချိန်ကမှ လှီးဖြတ်ယူငင်သွားကြတဲ့ လက္ခဏာတွေနဲ့ပါတဲ့ ခင်ဗျ။
“ဖက်ဆစ်ဘီလူးကောင်တွေ ထိုးပြီး ‘အန်’ ထွက်ကုန်ကြတာလည်း မပြောနဲ့လေကွာ . .”
“ကြက်သီးထစရာကြီး အဘရာ . . .”
“အေးကွ . . . အဖိနှိပ်ခံ ပြည်သူလူထုရဲ့ ရတဲ့နေရာမှာ ရတဲ့နည်းနဲ့ ဖက်ဆစ်တွေစိတ်ထဲ စွဲသွားအောင် တော်လှန်လိုက်တဲ့ စိတ်ထဲကို ခပ်ထည့်လိုက်တဲ့ တန်ပြန် ‘အဆိပ်’ ပဲပေါ့ကွာ”
ကမ်းကုန်အောင် အနှိပ်စက်ခံခဲ့ကြရတဲ့ ပြည်သူလူထုဟာ နာကြည်းပြီဆိုရင်တော့ တဆုံးပဲပေါ့တဲ့ ခင်ဗျာ။ အဲသည်လို ဖက်ဆစ်ဘီလူးတွေနဲ့ ဘယ်သောအခါမှ မစေ့စပ် မဆွေးနွေးကြဘဲ ရတဲ့နေရာကနေ ရတဲ့အခြေအနေကနေ တွန်းလှန်တိုက်ထုတ်ကာ အဆုံးအထိ သွားကြမှာပါတဲ့။ စကားဝိုင်းကား သိမ်းလေပြီ။
“နောက်တခါလာရင် မင်းတို့ကို ‘ပြန်ပေါင်း’ လုပ်ကျွေးမယ်ကွ”
“ကောင်းတာပေါ့ အဘလုံးတုံးရာ . . .”
“အေး . . . ဟို အမျိုးယုတ် မအလတွေနဲ့တော့ ဘယ်တော့မှ ‘ပြန်ပေါင်း’ မထုပ်ကြကြေး ကတိပေးကြပါဗျား . . .”
“ဟားဟား ဟားဟား ဟားဟား . . . .”
ဖေကြီး (လေရှီး)