ပခုက္ကူတွင် စစ်တပ်က အမျိုးသား ၁ ဦးကို မမှန်သတင်းရေးသားဖြန့်ဝေသည်ဟု စွပ်စွဲဖမ်းဆီး

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ သြဂုတ် ၂၅ ရက် မနက်ပိုင်းက အမျိုးသားတယောက်ကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ မမှန်သတင်း ရေးသားဖြန့်ဝေတယ်စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ပခုက္ကူမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
ပခုက္ကူမြို့၊ အမှတ် ၆ ရပ်ကွက်က အိမ်အလှဆင်လုပ်ငန်းလုပ်ကိုင်တဲ့ ဦးမိုးကျော်ထွန်းကို သြဂုတ် ၂၅ ရက် မနက်ပိုင်းမှာ စစ်တပ်၊ ရဲနဲ့ နောက်လိုက်တွေက ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာမှာ မမှန်သတင်း ရေးသားဖြန့်ဝေတယ် စွပ်စွဲပြီး ဖမ်းဆီးသွားကြတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ ဦးမိုးကျော်ထွန်းဟာ NLD ပါတီက ပခုက္ကူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်ကြူရဲ့ ညီအရင်းဖြစ်ပြီး သူ့ကို ပခုက္ကူမြို့မရဲစခန်း စစ်ကြောရေးမှာ စစ်ဆေးနေတာကြောင့် နှိပ်စက်ခံရမှာကို မိသားစုဝင်တွေက စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
“လွှတ်တော်ကိုယ်စားလှယ်ရဲ့ ညီအရင်းဆိုတော့ စစ်(...)တွေက အကြောင်းအမျိုးမျိုးပြပြီး ဖမ်းတဲ့သဘောပါပဲ။ မိသားစုဝင်တွေကိုလည်း တွေ့ခွင့်မပေးသေးသလို စားစရာ သောက်စရာတွေနဲ့ အသုံးအဆောင် ပစ္စည်းတွေကိုလည်း ပေးခွင့်မရသေးဘူး။”
စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ သြဂုတ် ၂၅ ရက်နေ့အထိ နိုင်ငံတဝန်း မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၂,၁၃၀ ယောက်ရှိပြီး အဲဒီထဲက ၁,၄၀၄ ယောက် ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သြဂုတ် ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။