ထားဝယ် အရှေ့တောဒေသသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာသဖြင့် စစ်ရေးသတိပေးချက် PDF ထုတ်ပြန်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အရှေ့တော၊ မေတ္တာမြို့ဘက်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာနေပြီး ရင်ဆိုင်တိုက်ပွဲ အချိန်မရွေး ပေါ်ပေါက်လာနိုင်လို့ ဒေသခံတွေ၊ ခရီးသွားတွေအနေနဲ့ မလိုအပ်ဘဲ အပြင်မထွက်ကြဖို့နဲ့ စစ်ဘေးလွတ်ရာ ရှောင်တိမ်းနေထိုင်ဖို့ တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့(ပြန်ကြားရေး)က ဩဂုတ် ၂၆ ရက်မှာ အရေးပေါ်စစ်ရေး သတိပေးထုတ်ပြန်လိုက်ပါတယ်။
ဒီနေ့ မနက် ၃ နာရီခွဲလောက်က ထားဝယ်-ထီးခီးလမ်းပေါ်မှာ စစ်ကား ၃ စီး လမ်းကင်းချပြီး နောက်ထပ် ကား ၉ စီးအပါအဝင် အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လမ်းကြောင်းပေါ်ရှိ နေရာအတော်များများမှာ စစ်တပ်က ကင်းပုန်းများချထားပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ် ဝင်ရောက်လာနေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အရှေ့တောရှိ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးက “ကားတန်းမှာ Jammer တွေ ပါတယ်ဗျ။ ဖုန်းမိုင်း၊ ဆက်သွယ်ရေးလိုင်းတွေကို အဲဒီ Jammer ပါတဲ့ကားနဲ့ ဧရိယာအနီးတဝိုက် ဖြတ်တောက်တာ။ အဲဒီကားတန်းလာရင် ဖုန်းမိုင်းတွေဆို မကွဲတော့ဘူး။ ဆွဲမိုင်းပဲရတယ်” လို့ ဆိုပါတယ်။
ဇူလိုင်လဆန်းပိုင်းကလည်း ထားဝယ်အရှေ့တောဒေသကို စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲတွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေဖြစ်ကာ နှစ်ဖက် ထိခိုက်ကျဆုံးတာတွေ ရှိခဲ့ပါတယ်။
စစ်တပ်က လမ်းကြောင်းတလျှောက်က ကျေးရွာတချို့က ဒေသခံတချို့ကို ဖမ်းဆီးကာ အဖိုးတန် ပစ္စည်းဥစ္စာတွေကို ခိုးယူခဲ့တဲ့အပြင် နေအိမ်တချို့ကိုလည်း မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေရဲ့အဆိုအရ သိရပါတယ်။