close

ထရမ့်မဟာမိတ် ရီပတ်ဘလစ်ကန်များအား ဒီမိုကရေစီကို ခြိမ်းခြောက်သူများဟု ဂျိုးဘိုင်ဒင် စွပ်စွဲ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ သြဂုတ် ၂၅ ရက်က လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် သူ့ရဲ့ ပထမဆုံး နိုင်ငံရေးလူထုစုဝေးပွဲမှာ သမ္မတဟောင်းထရမ့် မဟာမိတ် ရီပတ်ဘလစ်ကန်တွေကို ခပ်ကြမ်းကြမ်း စကားလုံးတွေနဲ့ သုံးနှုန်းလိုက်ပြီး အကြမ်းဖက်မှုနဲ့ မုန်းတီးမှုကို လက်ကိုင်ပြုတဲ့အုပ်စုလို့ စွပ်စွဲလိုက်ပါတယ်။

“MAGA ရီပတ်ဘလစ်ကန်တွေဟာ ကျနော်တို့ရဲ့ ပုဂ္ဂိုလ်ရေးအခွင့်အရေးနဲ့ စီးပွားရေး လုံခြုံမှုကို ခြိမ်းခြောက်ရုံတင်မက သူတို့ဟာ ဒီမိုကရေစီကို ခြိမ်းခြောက်မှုတခုပါပဲ” လို့ ဘိုင်ဒင်က ဝါရှင်တန်ပြည်နယ် မေရီလန်းဆင်ခြေဖုံးရှိ ရစ်ချတ် မောင့်ဂိုမာရီ အထက်တန်းကျောင်းက ဒီမိုကရက်တစ် အမျိုးသားကော်မတီ အခမ်းအနားမှာ ပြောသွားတာပါ။

ကမ်းရိုးတန်းမှ-ကမ်းရိုးတန်းသို့ ခရီးစဥ်ကို စတင်ခဲ့တဲ့ ဘိုင်ဒင်ဟာ အမေရိကန်ပါတီကြီး ၂ ခုကြား ပြတ်သားတဲ့ ကွဲလွဲမှုတွေကို ထုတ်ဖော်ပြောဆိုလိုက်ခြင်းကနေ ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်းတွေကို ထောက်ခံမှုပိုရအောင် လုပ်ပေးနေသလို ရီပတ်ဘလစ်ကန်တွေ ကွန်ဂရက်ကို ထိန်းချုပ်လို့မရအောင် တားဆီးဖို့ ကြိုးစားနေတာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

“MAGA ရီပတ်ဘလစ်ကန်တွေက အမေရိကကို ဖျက်ဆီးနေတာထက် ဒီနိုင်ငံကို ချစ်မြတ်နိုးသူတွေ၊ ဒီမိုကရက်တွေ၊ တသီးပုဂ္ဂလတွေ၊ ပင်မရေစီးကြောင်း ရီပတ်ဘလစ်ကန်တွေက အမေရိကကို ကယ်တင်ဖို့ ပိုမိုအားကောင်းပြီ၊ ပိုမိုသန္နိဋ္ဌာန်ချထားရပါမယ်” လို့ ဆိုပါတယ်။

ဘိုင်ဒင်က ကြားဖြတ်ရွေးကောက်ပွဲအပြီးမှာ သူ့ပါတီက ကွန်ဂရက်ကို ထိန်းချုပ်ထားနိုင်ရင် ချေမှုန်းရေးလက်နက်တွေကို ပိတ်ပင်မယ်လို့ ကတိပြုခဲ့ပါတယ်။

ဒီစုဝေးပွဲမတိုင်ခင်မှာ ဘိုင်ဒင်ဟာ ဝါရှင်တန်မြောက်ဘက်ရှိ ရပ်ကွက်တခုမှာ ဒေါ်လာ ၁ သန်းတန် ပါတီရန်ပုံငွေပွဲအတွက် ဒီမိုကရက်တစ်အလှူရှင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

//
Up