close

ဂန့်ဂေါမြို့နယ် လက်ပန်ရွာအနီး တနေ့တည်း တိုက်ပွဲ သုံးကြိမ်ဖြစ်ပွား

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်‌မြောက်ပိုင်းရှိ လက်ပန်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ယောကာကွယ်ရေးတပ်တွေ တနေ့တည်း တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးခဲ့တယ်လို့ YDF တာဝန်ရှိသူက ပြောပါတယ်။

ဩဂုတ် ၂၇ ရက်က မနက် ၁၀ နာရီလောက်က YDF တပ်ရင်းစခန်း ၃ မြောက်ဘက်မှာ တိုက်ပွဲဖြစ် ပွားခဲ့ပြီး စစ်တပ်က သေဆုံးဒဏ်ရာရတာ ရှိ၊ မရှိ မသိရသေးသလို ကာကွယ်ရေးတပ်ဘက်က ကျဆုံးတာ မရှိဘူးလို့  ဆိုပါတယ်။

အလားတူ အဲဒီနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်က လက်ပန်ရွာဘက် စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၀ ကျော်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို YDF တပ်ဖွဲ့က စနိုက်ပါနဲ့ပစ်ခတ်ခဲ့တာကြောင့် တဦး လက်ပန်ကြိုးတံတားပေါ်မှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။ 

သိပ်မကြာခင်မှာပဲ အလောင်းလာကောက်တဲ့ နောက်ထပ် စစ်သား တယောက်ကိုပါ စနိုက်ပါနဲ့ ထပ်မံပစ်ချနိုင်ခဲ့တာကြောင့် လက်ရှိအချိန်ထိ တံတားပေါ်မှာ အလောင်း ၂ လောင်းရှိနေသေးတယ် လို့ YDF တာဝန်ရှိသူက ပြောပါတယ်။ 

အဲဒီနေ့ညနေ ၄ နာရီကျော်လောက်မှာ နောက်ထပ်တိုက်ပွဲ တကြိမ်ဖြစ်ခဲ့ပေမဲ့ စစ်တပ်က သေဆုံးဒဏ်ရာ ရသူ ရှိ၊ မရှိ မသိသေးသလို သူတို့ဘက်ကတော့ အကျအဆုံးမရှိဘူးလို့ ဆိုပါတယ်။

လက်ပန်ရွာက မြစ်သာမြစ်အရှေ့ဘက်ကမ်းမှာရှိပြီး မြစ်သာမြစ်အနောက်ဘက်ကမ်းက မောက်ရွာမှာ တပ်စွဲထား စစ်တပ်က လက်ပန်ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခဲ့တာကြောင့် လက်ပန်ရွာ စာသင်ကျောင်းနဲ့ ဆေးရုံအနားမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ နှစ်ဖက်အပြန်အလှန် စောင့်ကြည့်နေပြီး စစ်ရေးတင်းမာနေတဲ့အတွက် တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့ တပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

အခုလို တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် လက်ပန်ရွာနဲ့ မောက်ရွာအပါအဝင် ကျေးရွာ ငါးရွာက ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

//
Up