close

လိင်ပြောင်းအမျိုးသား ၁ ဦး အင်ဒိုနီးရှား၌ သေဆုံးခဲ့ရမှုအပေါ် ပီးရူးနိုင်ငံသားများ မေးခွန်းထုတ်

အခုလအစောပိုင်းက အင်ဒိုနီးရှားနိုင်ငံမှာ ဟန်းနီးမွန်းပွဲကျင်းပဖို့ အသွား လေဆိပ်မှာ ထိန်းသိမ်းခံခဲ့ရတဲ့ ပီရူးလိင်ပြောင်း အမျိုးသားတယောက် သေဆုံးခဲ့ရမှုနဲ့ ပတ်သက်ပြီး ပီရူးနိုင်ငံမှာရှိတဲ့ LGBT တက်ကြွလှုပ်ရှားသူတွေဟာ အစိုးရကဘယ်လို ကိုင်တွယ်ဖြေရှင်းခဲ့သလဲလို့  မေးခွန်းထုတ်ခဲ့ပါတယ်။

ဟားဗတ်တက္ကသိုလ်မှ ပီရူးဘွဲ့ရကျောင်းသား ရိုဒရီဂို ဗန်တိုဆီလာဟာ လိင်ပြောင်းအခွင့်အရေး လှုပ်ရှားသူလည်း ဖြစ်ပြီး သူဟာ ဆေးခြောက်လက်ဝယ်ထားရှိမှု စွပ်စွဲချက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီး ရက်ပိုင်းအကြာမှာ ဘာလီကျွန်းမှာ ခန္ဓာကိုယ် ပျက်ယွင်းပြီး သေဆုံးခဲ့ရပါတယ်။

ဒီကိစ္စပီရူးနိုင်ငံခြားရေးဝန်ကြီးဌာနက အခုသီတင်းပတ်အတွင်း ကြေညာချက် ထုတ်ပြန်ခဲ့ရာမှာတော့  ဗန်တိုဆီလာရဲ့ မူးယစ်ဆေး လက်ဝယ်တွေ့ရှိမှုဟာ အင်ဒိုနီးရှားမှာ ကြီးလေးတဲ့ ရာဇ၀တ်မှု တစ်ခု ဖြစ်ပြီး လိင်ပြောင်းထားမှုဟာ သူအဖမ်းခံရတဲ့ အကြောင်းရင်းမဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဖမ်းဆီးခံရချိန်အတွင်း သေဆုံးခဲ့ရတာကိုတော့ အသိအမှတ် မပြုထားပါဘူး။ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းပန်ပြီး စုံစမ်းစစ်ဆေးမှု စတင်ဖို့ သဘောတူခဲ့ကြောင်း ဗန်တိုဆီလာရဲ့ မိသားစုအတွက်ရှေ့နေ ဘရန်ဒါ အလ်ဗာရက်ဇ်က ဩဂုတ် ၂၆ ရက်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဗန်တိုဆီလာရဲ့ ရုပ်အလောင်းဟာ မြို့တော်လီမာကို ဘယ်ရက်မှာ ရောက်ရှိမယ့် ရက်အတိအကျ မသိရသေးကြောင်း အလ်ဗာရက်ဇ်က ပြောပါတယ်။

အင်ဒိုနီးရှားရဲတပ်ဖွဲ့ကတော့ ဒီအမှုကို ပိတ်ထားကြောင်းနဲ့ ဗန်တိုဆီလာ သေဆုံးမှုမှာ အကြမ်းဖက်မှုတွေ ပါဝင်ပတ်သက်ခြင်း မရှိဘူးလို့ ရိုက်တာသတင်းဌာနကို ပြောကြားထားပါတယ်။ 

//
Up