close

ဂန့်ဂေါတွင် စစ်ကောင်စီတပ်က နေအိမ် ၅၀‌ ကျော်မီးရှို့ဖျက်ဆီးပြီး ဒေသခံနှစ်ဦးအား ပစ်သတ်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မောက်ရွာနဲ့ မောက်လင်းရွာကနေအိမ် ၅၀ ကျော်ကို ၅၀ ကျော်ကို စစ်ကောင်စီတပ်သားတွေ  ဩဂုတ် ၂၈ ရက်နေ့မှာ မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ် ၂၅ ရက်နေ့  နေလယ်ပိုင်းက ထယ်လှော်ရွာအနောက်ဘက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့  တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ၂၆ ရက်နေ့မှာ စစ်ကောင်စီတပ်က ထယ်လှော်ရွာထဲကို ဝင်ရောက်တပ်စွဲထားပါတယ်။

အဆိုပါ ထယ်လှော်ရွာထဲမှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်တပ်စွဲခဲ့ပြီး နောက်တနေ့ မနက်ပြန်မထွက်ခင်မှာ ရွာကို မီးရှို့သွားပြီးနေအိမ် ၁၄ လုံး၊ ဆိုင်ကယ်အချို့၊ ကားတစ်စီး၊ နွားနှစ်ကောင်နဲ့ ဝက်တစ်ကောင်ပါ မီးရှို့ခံရတယ်လို့ ဆိုပါတယ်။  

အဲဒီစစ်ကြောင်းဟာ သြဂုတ် ၂၈ ရက်မနက်ပိုင်းမှာတော့ ထယ်လှော်ရွာအနားက မောက်ရွာကိုပါ ထပ်မံဝင်ရောက်မီးရှို့ခဲ့ပြီး မောက်ရွာက လူနေအိမ် ၃၂ လုံး၊ နွားစာတိုက် ၈ လုံး၊‌ ဒေသခံတောင်သူတွေရဲ့ နှမ်းအတင်းရေ ၃၀၀၀ နီးပါးနဲ့ အပြစ်မဲ့ပြည်သူ ၂ ယောက်ကို ပစ်သတ်သွားကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီမောက်ရွာကနေတဆင့် မောက်လင်းရွာထဲကို စစ်ကောင်စီတပ်သားတွေ ထပ်မံဝင်ရောက်ခဲ့ပြီး ‌ကျေးရွာကနေအိမ် ၁၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို ကျော်ရွာကျေးရွာမှာလည်း ထပ်မံမီးရှို့နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဒေသခံတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး နေထိုင်စားသောက်ရေး အခက်အခဲဖြစ်ပေါ်နေပါတယ်။

ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် လက်ရှိအချိန်အထိ စုစုပေါင်း နေအိမ် ၁၀၀၀ ဝန်းကျင် မီးလောင်ဆုံးရှုံးထားပါတယ်။

စစ်ကောင်စီက ဂန့်ဂေါနယ်ကို ၁၁ လလောက် အင်တာနက်လိုင်းတွေ ဖြတ်တောက် သတင်းအမှောင်ချပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ကာ ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

လတ်‌တလော ဂန့်ဂေါနယ်အတွင်းမှာ စစ်ရေးတင်းမာနေတာကြောင့် ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ရိုက်ထိတွေ့ခြင်းမပြုကြဖို့နဲ့ ဘေးလွတ်ရာဒေသတွေမှာ ဂရုစိုက်နေထိုင်ကြဖို့ကိုလည်း ဒေသခံ PDF တွေက သတိပေးထားပါတယ်။

//
Up