ဂန့်ဂေါမြို့နယ် ထယ်လှော်ရွာ နေအိမ် ၁၄ လုံးကို စစ်ကောင်စီတပ် မီးရှို့





မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ထယ်လှော်ရွာကို စစ်ကောင်စီတပ်သားတွေက ဩဂုတ် ၂၇ ရက်နေ့က မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၅ ရက်နေ့ နေလပိုင်းက ထယ်လှော်ရွာအနောက်ဘက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ၂၆ ရက်နေ့မှာ စစ်ကောင်စီတပ်က ထယ်လှော်ရွာထဲကို ဝင်ရောက်တပ်စွဲထားခဲ့ပါတယ်။
ထယ်လှော်ရွာထဲ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်တပ်စွဲခဲ့ပြီး နောက်တနေ့ မနက်ပြန်မထွက်ခင်မှာ ရွာကို မီးရှို့သွားပြီးနေအိမ် ၁၄ လုံး၊ ဆိုင်ကယ်အချို့၊ ကားတစီး၊ နွားနှစ်ကောင်နဲ့ ဝက်တကောင်ပါ မီးရှို့ခံရတယ်လို့ သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ ဒီနေ့သြဂုတ် ၂၈ ရက်မှာတော့ ထယ်လှော်ရွာအနားက မောက်ရွာကိုပါ ထပ်မံဝင်ရောက်မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ ဒေသခံတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး နေထိုင်စားသောက်ရေး အခက်အခဲ ဖြစ်ပေါ်နေပါတယ်။
အဲ့ဒီထယ်လှော်ရွာမှာ စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် လက်ရှိအချိန်အထိ စုစုပေါင်း နေအိမ် ၅၀ ခန့် မီးလောင်ဆုံးရှုံးထားပါတယ်။
စစ်ကောင်စီက ဂန့်ဂေါနယ်ကို ၁ နှစ်လောက် အင်တာနက်လိုင်းတွေ ဖြတ်တောက် သတင်းအမှောင်ချပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ကာ ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာပါ။
လတ်တလော ဂန့်ဂေါနယ်မှာ စစ်ရေးများတင်းမာနေတာကြောင့် ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ရိုက်ထိတွေ့ခြင်းမပြုကြဖို့နဲ့ ဘေးလွတ်ရာဒေသတွေမှာ ဂရုစိုက်နေထိုင်ကြဖို့ PDF တပ်ဖွဲ့တွေက သတိပေးထားပါတယ်။