ရေစကြိုမြို့နယ်၌ လူငယ် ၃ ဦးကို စစ်ကောင်စီတပ်က PDF ဟု စွပ်စွဲ ဖမ်းဆီး

မကွေးတိုင်း၊ ရေစကြိုမြို့မှာ သြဂုတ် ၂၈ ရက် မနက်ပိုင်းက လူငယ် ၃ ယောက်ကို PDF တွေလို့ စစ်ကောင်စီတပ်ကစွပ်စွဲပြီး ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရေစကြိုမြို့ ပြည်သူ့ဆေးရုံမှာ လူနာသတင်းမေးဖို့သွားတဲ့ မိုးကွဲကျေးရွာက ကိုထက်လင်းဦး ၊ ကိုဖြိုးသီဟကျော်နဲ့ ကိုကျော်မျိုးသက်တို့ သုံးယောက်ကို သြဂုတ် ၂၈ ရက် မနေ့မနက် ၁၀ နာရီလောက်မှာ မိုင်းထောင်ဖောက်ခွဲဖို့ လာရောက်စုံစမ်းတဲ့ PDF တွေလို့ စွပ်စွဲပြီး စစ်တပ်နဲ့ရဲက ဖမ်းဆီးသွားတာလို့ ရေစကြိုမြို့ဒေသခံတစ်ယောက်က ပြောပါတယ်။
“အဲဒီကလေးတွေမှာ ဘာဖောက်ခွဲရေးပစ္စည်းမှလည်း ပါလာတာမဟုတ်ဘူး ။သက်သေအထောက်ထား မခိုင်လုံဘဲနဲ့ စစ်(...)တွေက မတရားဖမ်းဆီးသွားတာဗျ။သူတို့ကို ရေစကြို မြို့မရဲစခန်း စစ်ကြောရေးကို ခေါ်သွားကြတယ်။မိသားစုတွေနဲ့ လည်း တွေ့ခွင့်မပေးသေး ဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ အပြစ်မဲ့ ပြည်သူတွေနဲ့ လူငယ်အများစုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်၊ PDF ထောက်ပံ့သူ၊ ဖေ့စ်ဘွတတ် လူမှုကွန်ယက်စာမျက်နှာမှာ မမှန်သတင်းရေးသူဖြန့်ဝေသူစတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ ဖမ်းဆီးနေကြတာ။
မိဘပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကို ဖြတ်မယ်ဆိုရင် လက်ကိုင်ဖုန်းတွေကို လုံခြုံအောင်လုပ်ဆောင်ပြီးမှ သွားလာကြဖို့ သတိပေးထားတယ်လို့ ဒေသခံကပြောပါတယ်။
စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ သြဂုတ် ၂၆ ရက် အထိ နိုင်ငံတဝန်း မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၂,၁၄၂ ယောက်ရှိပြီး အဲဒီထဲက ၁၄၀၈ ယောက်ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က သြဂုတ် ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။