close

ဒေါ်လာဈေးအပြောင်းအလဲကြောင့် မတ်ပဲ၊ ပဲစင်းငုံစျေး ထပ်မံမြင့်တက်

ဒေါ်လာဈေးအပြောင်းအလဲကြောင့် အမြင့်ဈေးမှာ ရပ်တည်နေတဲ့ ပို့ကုန်ပဲတွေ ဈေးထပ်မံ မြင့်တက်လာပါတယ်။

ပြည်တွင်း ပဲလက်ကျန် နည်းနေတဲ့အပြင် ဝယ်လိုအားကလည်း ရှိနေတာကြောင့်  ဒီနေ့ သြဂုတ်လ ၃၀ ရက်နေ့မှာ မတ်ပဲ တစ်တန်ကို ကျပ် ၁,၉၅၃,၀၀၀ ထိ စံချိန်တင်မြင့်တက်ခဲ့ပြီး၊ ပဲစင်းငုံကလည်း တစ်တန်ကို ကျပ် ၂,၀၂၅,၀၀၀ အထိ ပေါက်ဈေး ဖြစ်ခဲ့ပါတယ်။ 

တစ်ပတ်အတွင်း မတ်ပဲတစ်တန်ကို  ကျပ် ၁၁၀,၀၀၀ ဝန်းကျင်၊ ပဲစင်းငုံတစ်တန်ကို ကျပ်  ၅၅,၀၀၀ ထိ ဈေးထပ်မံ မြင့်တက်လာတာပါ။

“ပို့ကုန်ပဲတွေက အမြင့်ဈေးမှာပဲ ရှိနေတာ၊ ဒေါ်လာဈေးအပြောင်းအလဲကြောင့် ထပ်တက်လာတာ” လို့ ပဲကုန်သည်တဦးက ပြောပါတယ်။

ဒီကနေ့ ပြင်ပနိုင်ငံခြားငွေ ဈေးကွက်မှာ ဒေါ်လာငွေလဲနှုန်းက အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၃,၆၅၀ ကျပ်အထိ မြင့်တက်နေပြီး သီတင်းပတ် တစ်ပတ်အတွင်း ကျပ် ၅၀၀ ကျော် ထပ်မံမြင့်တက်လာပြန်ပါတယ်။

ဒေါ်လာဈေးဂယက်ကြောင့် အမြင့်ဆုံးစျေးရောက်နေတဲ့ ပို့ကုန်ပဲတွေ အခုလို ဈေးထပ်မံမြင့်တက်လာတာ ဖြစ်ပြီး အခုသီတင်းပတ်အတွင်း  စက်သုံးဆီဈေး စံချိန်တင် မြင့်တက်လာမှုကလည်း  သယ်ယူပို့ဆောင်တဲ့ စရိတ်စကတွေကို ပိုမြင့်တက်လာစေခဲ့ပါတယ်။ 

သြဂုတ်လဆန်းပိုင်းမှာ ဗဟိုဘဏ်ရဲ့ဒေါ်လာ မူဝါဒပြောင်းလဲပြီးနောက် ပြည်တွင်း ပဲစျေးကွက်အတွင်း ပဲစင်းငုံနဲ့ မတ်ပဲဈေးတွေ ဆက်တိုက်ထိုးတက်လာခဲ့တာပါ။ 

ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်ဈေးနှုန်းအရ သြဂုတ်လပထမပတ်မှာ ပဲစင်းငုံ တစ်တန်ကို ၁,၅၈၀,၀၀၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိပြီး၊ မတ်ပဲက တစ်တန်ကို ၁,၆၅၀,၀၀၀ ကျပ်ဝန်းကျင်သာ ပေါက်ဈေးရှိခဲ့ပါတယ်။  တစ်လနီးပါး ကာလအတွင်း မတ်ပဲက ၁၉ ရာခိုင်နှုန်း၊ ပဲစင်းငုံက ၂၉ ရာခိုင်နှုန်း မြင့်တက်လာတာဖြစ်ပါတယ်။

လက်ရှိမှာ သွင်းအားစုစျေးနှုန်းတွေ  အဆမတန် ကြီးမြင့်နေတဲ့အပြင်  ပဋိပက္ခတွေ ဖြစ်ပွားတဲ့ နေရာဒေသတွေမှာ စိုက်ပျိုးရေး ကောင်းကောင်းမလုပ်နိုင်တာကြောင့်  အခုနှစ် ပြည်တွင်းပဲအထွက်နှုန်းကလည်း ကျဆင်းနေပါတယ်။ ဒါ့အပြင်  အိန္ဒိယနိုင်ငံရဲ့ ပဲလိုအပ်ချက်ကလည်း များနေတာကြောင့် ဈေးဆက်တက်နိုင်တယ်လို့ ကုန်သည်အများစုက ခန့်မှန်းထားကြပါတယ်။

မြန်မာနိုင်ငံမှာ မတ်ပဲ၊ ပဲစင်းငုံနဲ့ ပဲတီစိမ်းတို့ကို အများဆုံးစိုက်ပျိုးပြီး အိန္ဒိယနိုင်ငံကို အဓိကထား တင်ပို့ပါတယ်။ 

အခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ ဩဂုတ် ၁၂ ရက်နေ့အထိ ပြည်ပကို ပဲမျိုးစုံ တန်ချိန် ၆ သိန်းကျော် တင်ပို့ထားတယ်လို့ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့စာရင်းအရ သိရပြီး ပဲတီစိမ်းကို တန်ချိန် ၂ သိန်း ၉ သောင်းကျော်၊ မတ်ပဲ တန်ချိန် ၁ သိန်း ၄ သောင်းဝန်းကျင်နဲ့ ပဲစင်းငုံ တန်ချိန် ၂ သောင်းကျော်  တင်ပို့ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up