close

အင်ဒိုနီးရှားတွင် ထရပ်ကား ဝင်တိုက်သဖြင့် ကလေး ၇ ဦးအပါအဝင် အနည်းဆုံး ၁၀ ဦးသေဆုံး

ဓာတ်ပုံ-ရိုက်တာ

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားရှိ ဘီကာဆီမြို့မှာ သြဂုတ် ၃၁ ရက်က နောက်တွဲထရပ်ကားတစီးက ဝင်တိုက်တာကြောင့် ကျောင်းတကျောင်းရဲ့ အပြင်ဘက် ကျောင်းကားစောင့်နေတဲ့ ကလေး ၇ ယောက် အပါအဝင် အနည်းဆုံး လူ ၁၀ ယောက် သေဆုံးသွားတယ်လို့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

အခင်းဖြစ်ပွားရာနေရာရှိ ယာဉ်ထိန်းရဲ လာတိဖ် အူစမန် ပြောတာကတော့ အတိုက်ခံရတာ လူ ၃၀ လောက်ရှိပြီး သေဆုံးသူကတော့ ၁၀ ‌ယောက်ရှိကြောင်း၊ ဒါက ယာယီ အတည်ပြုချက်ဖြစ်ပြီး ထပ်တိုးမလာဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။

ကျောင်းသားလေးတွေဟာ အတန်းပြီးလို့ ဘတ်စ်ကားမှတ်တိုင်မှာ စောင့်ဆိုင်းနေချိန် နောက်တွဲယာဉ်က သူတို့ရှိနေတဲ့ ဘတ်စ်ကားမှတ်တိုင်ဘက်ကို ရုတ်တရက် လမ်းကြောင်းပြောင်းသွားကြောင်း၊ အဲဒီမှာ ဆိုင်ကယ် ၂ စီးကိုလည်း တိုက်မိခဲ့ပြီး ဆက်သွယ်ရေးတာဝါတိုင်လည်း ပြိုလဲသွားကြောင်း ယာဉ်ထိန်းရဲ လာတိဖ် အူစမန်က ပြောပါတယ်။

အတိုက်ခံရတဲ့အထဲ ကျောင်းသား အယောက် ၂၀ လောက်ရှိပြီး အဲဒီထဲက ကျောင်းသားလေး ၇ ယောက်ကတော့ သေဆုံးသွားတယ်လို့ သူက ဆိုပါတယ်။

နောက်တွဲယာဉ်ဟာ တနာရီကို ကီလိုမီတာ ၆၀ ကျော်နှုန်း အရှိန်ပြင်းတယ်လို့ ယူဆရတာကြောင့် ထရပ်ကားမှာ ဘရိတ်ပေါက်ခြင်း ရှိမရှိ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up