ဖားကန့်ဒေသခံ ၅ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဒွန်ဘုံးကျေးရွာမှာ သြဂုတ် ၃၁ ရက် မနက်ပိုင်းက စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာပြီး ဒေသခံ ၅ ယောက်ကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ဒွန်ဘုံးကျေးရွာက ပြည်သူ ၅ ယောက်ကို အကြောင်းပြချက်မရှိ ဖမ်းခေါ်သွားတာဖြစ်ပြီး နေ့လယ်ပိုင်းမှာ အမျိုးသားတယောက်ကိုသာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“မနက် ၆ နာရီလောက်က စစ်ကြောင်းဝင်လာပြီး ရွာက လူငါးဦးကို ဖမ်းခေါ်သွားတယ်။ ဘာကြောင့် ဖမ်းတာလဲဆိုတာတော့ မသိဘူး။ နေ့လယ်ပိုင်းမှာ တယောက်ပြန်လွှတ်ပေးတယ်။ သူ့မေးတော့လည်း ကျန်တဲ့ လေးယောက်ကိုတော့ ဘယ်မှာဖမ်းထားတယ်ဆိုတာ မသိရဘူး။”
ဘယ်ကိုဖမ်းဆီးသွားတယ်ဆိုတာ မသိရတဲ့အတွက် မိသားစုဝင်တွေက စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဖားကန့်မြို့နယ်က ရှဒူးဇွပ် အောင်ရာ စံပြကျေးရွာတွေကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံပြည်သူတွေ ဘေးလွတ်ရာရှောင်တိမ်းဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။
ဖားကန့်မြို့နယ်အတွင်းမှာ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် ဒေသခံပြည်သူတွေ နေ့စဉ် သပိတ်စစ်ကြောင်းတွေနဲ့ ဆန္ဒပြနေတာရှိပြီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေပါတယ်။