close

မရာနယ်မြေအုပ်ချုပ်ရေးကောင်စီက ပြည်သူအတွက် ကျန်းမာရေး အခမဲ့ဝန်ဆောင်မှုပေး

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့အနားက ကျေးရွာတွေမှာနေထိုင်တဲ့ ပြည်သူလူထုအတွက်  မရာနယ်မြေအုပ်ချုပ်ရေးကောင်စီက ဩဂုတ် ၂၄ ရက်မှ စက်တင်ဘာလ ၄ ရက်အထိ လှည့်လည်ပြီး  Free Clinic အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေပါတယ်။

မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ(MATC) ကျန်းမာရေးဌာန အမှုဆောင်အတွင်းရေးမှူး ဒေါက်တာဗန်ဘီးလာခိုင်က ဦးဆောင်ပြီး သူနာပြုဝန်ထမ်းတွေနဲ့အတူ မရာပြည်သူလူထုရဲ့ တောင်းဆိုမှုအရ လိုင်းလင်ပီမြို့ကို ဦးတည်ပြီး ကျေးရွာတွေမှာ လည့်လည်သွားရောက် ကျန်းမာရေး စောင့်ရှောက်ပေးခဲ့တာပါ။

ဆေးရုံ ဆေးခန်းမရှိတဲ့ နယ်မြေဒေသမှာ ပြည်သူလူထုအတွက် ကျန်းမာရေးဝန်ဆောင်မှုက အရေးကြီးဆုံး ဖြစ်နေတာကြောင့် MATC အနေနဲ့ လူသားချင်းစာနာမှုနဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးကို အလေးထားပြီး တတ်နိုင်သလာက် ဆက်လက်ဆောင်ရွက်သွားမယ်လို့ MATC ကျန်းမာရေးမှူး ဒေါက်တာ ဗန်ဘီးလာခိုင်က ပြောပါတယ်။

MATC အနေနဲ့ မရာနယ်မြေအတွင်း အုပ်ချုပ်ရေး၊ ပညာရေးနဲ့ ကျန်းမာရေးလုပ်ငန်းတွေကို ပြည်သူဆန္ဒနဲ့အညီ လက်တွေ့ ဖော်ဆောင်နေတာဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ဆေးပစ္စည်းတွေရှားပါးလာမှု၊ အထူးသဖြင့် ငှက်ဖျားဆေး မရှိလို့ အရင်နှစ်တွေကထက် ငှက်ဖျား၊ ဝမ်းလျှော၊ ဝမ်းပျက်၊ ရာသီပေါ်ရောဂါတွေ ပိုမိုဖြစ်ပွားနေတဲ့အတွက် ကျန်းမာရေးဌာနက ခက်ခဲစွာ တာဝန်ယူဖြေရှင်းနေရတယ်လို့ သိရပါတယ်။

MATC အနေနဲ့ မရာပြည်သူတွေအတွက်  ပထမအကြိမ် Free Clinic အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကို  ပြီးခဲ့တဲ့ ဇွန် ၂ ရက်မှ ဇွန် ၁၅ ရက်အထိ ဆောင်ရွက်ခဲ့ဖူးပြီး အခု ဒုတိယအကြိမ် ထပ်မံသွားရောက်တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up